ရွေးကောက်ပွဲ အပိုင်း-၁ ကျင်းပမယ့်ရက် စစ်ကောင်စီကြေညာ
- BVJ
- Aug 18
- 1 min read
မိုနာ/BVJ_ သြဂုတ် ၁၈၊ ၂၀၂၅

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁)ကို လာမယ့် ဒီဇင်ဘာ ၂၈ရက်မှာ ကျင်းပမယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်-UECက ဒီနေ့မှာကြေညာပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ၉၄မြို့ကို လက်လွှတ်ထားရတဲ့စစ်ကောင်စီဟာ ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပဖို့စီစဉ်နေတာဖြစ်ပြီး ကျန်အပိုင်းတွေအတွက် ကျင်းပမယ့်နေ့ရက်တွေကိုလည်း ထပ်ကြေညာမယ်လို့ ကြေညာချက်မှာဖော်ြပပါတယ်။
ရွေးကောက်ပွဲကျင်းပမယ့်နယ်မြေတွေကိုလည်း အခုလ ၁၅ရက်နေ့မှာ UECကကြေညာခဲ့ပြီး အဲ့ဒီထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးတပ်တွေဆီမှာ လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေဒေသတွေအတွင်းမှာပါရွေးကောက်ပွဲကျင်းပဖို့ ပါဝင်နေပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲကို မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP)၊ အချိုးကျကိုယ်စားပြုစနစ်(PR)၊ ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP)တို့နဲ့ ကျင်းပသွားမယ်လို့လည်းဆိုထားပါတယ်။
စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်နိုင်ငံရေးပါတီ ၅၀ကျော်ရှိပြီး ဝင်ပြိုင်မယ့်ပါတီတွေထဲက ကြံ့ခိုင်ရေးပါတီ-USDP၊ ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီနဲ့ ဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ စတဲ့ပါတီတွေဟာလည်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေကြတာကို တွေ့ရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့တော်လှန်ရေးအင်အားစုတွေဘက်ကတော့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို မပူးပေါင်းမပါဝင်ဘဲဆန့်ကျင်ကြဖို့ တိုက်တွန်းထားကြပါတယ်။
Comments