စစ်အုပ်စုရွေးကောက်ပွဲအပိုင်း-၁ရလဒ်အပေါ် ဝင်ပြိုင်တဲ့ပါတီတွေကျေနပ်မှုမရှိကြ၊သို့သော်လည်းမပြောရဲ
- BVJ

- 5 days ago
- 1 min read
မိုနာ/BVJ_ဇန်နဝါရီ ၈၊ ၂၀၂၆

စစ်အုပ်စုရဲ့ရွေးကောက်ပွဲအပိုင်း-၁ရလဒ်မှာ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းတွေသာ နေရာအများစုမှာအနိုင်ရရှိခဲ့ပါတယ်။
စစ်ဗိုလ်ချုပ်ဟောင်းတွေအများစုပါဝင်ယှဉ်ပြိုင်ကြတဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းတွေဟာ ကြိုတင်မဲတွေနဲ့သာအနိုင်ရရှိမှုများနေတာဖြစ်ကြောင်း ပြိုင်ဘက်ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေက ထောက်ပြပြောဆိုမှုတွေရှိလာကြပါတယ်။
စစ်အုပ်စုဟာ ရွေးကောက်ပွဲရလဒ်တွေကို အပိုင်း၃ပိုင်းလုံးကျင်းပပြီးမှသာထုတ်ပြန်မယ်လို့ ရွေးကောက်ပွဲမတိုင်ခင်ကပြောထားပေမယ့် အခုအပိုင်း-၁ရွေးကောက်ပွဲအပြီးမှာ ရွေးကောက်ပွဲဝင်ပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေက ကြိုတင်မဲစာရင်းတွေ၊ မဲပေးပုံနဲ့ မဲရုံစောင့်ကြည့်တာတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေပေါ်ထွက်နေချိန်မှာပဲ စစ်အုပ်စုလက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်-UECက အပိုင်း-၁ရွေးကောက်ပွဲရလဒ်ကို ကြေညာခဲ့တာပါ။
အဲ့ဒီရလဒ်အရ အပိုင်း-၁ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက အများဆုံးအနိုင်ရတာကိုတွေ့ရပါတယ်။
Data for Myanmar သုတေသနအဖွဲ့ရဲ့အချက်အလက်အရတော့ အပိုင်း-၁ရဲ့ ၈၁မြို့နယ်မှာအနိုင်ရထားတဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေဟာ တခြားပါတီကိုယ်စားလှယ်လောင်းတွေထက် ကြိုတင်မဲရရှိမှုသာလွန်နေတာဖြစ်ပါတယ်။
၈၁မြို့နယ်အတွက် ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရရှိထားတဲ့ ကြိုတင်မဲက သုံးသိန်းလေးသောင်းဖြစ်ပြီး အဲ့ဒီ ၈၁မြို့နယ်မှာပဲ တခြားပါတီတွေနဲ့တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရရှိထားတဲ့ ကြိုတင်မဲက ကိုးသောင်းလေးထောင်ကျော်သာဖြစ်တယ်လို့ သုတေသနအဖွဲ့က အခုလ ဇန်နဝါရီ ၄ရက်မှာဖော်ပြထားပါတယ်။
ဒါဟာရာခိုင်နှုန်းအရဆိုရင် ကြံ့ခိုင်ရေးပါတီက ကြိုတင်မဲ ၁၇ရာခိုင်နှုန်းရရှိခဲ့ပြီး တခြားပါတီတွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေက ကြိုတင်မဲ ၄ရာခိုင်နှုန်းသာရရှိတာဖြစ်ပါတယ်။
စစ်အုပ်စုရွေးကောက်ပွဲမှာ ရန်ကုန်၊အလုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်ခဲ့တဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးခိုင်မောင်ရည်ကလည်း ဒီအချက်ကိုထောက်ပြထားပါတယ်။

“မဲရုံ(၈)ရုံမှာ အလုံမြို့ရဲ့ခိုင်မောင်ရည်အနိုင်ရခဲ့ပါတယ်။ ပြိုင်ဘက်ပါတီကြီး(၄)ပါတီကို တစ်ဦးတည်းသောပြိုင်ဘက်အဖြစ် ယှဥ်ပြိုင်အနိုင်ယူခဲ့ပါတယ်။ ကျန်မဲရုံတွေမှာ ပုံမှန်ထက်ပိုတဲ့ကြိုတင်မဲနဲ့၊ မဲပေးသူပိုများနေတဲ့မဲရုံတွေကတော့ ပြိုင်ဘက်(၁)ကိုကျွန်တော်ရှုံးပါတယ်။ Congratulations ပါ။ မဲရလာဒ်ကို ကျွန်တော်ကျေနပ်စွာလက်မှတ်ထိုးပေးပြီးပါပြီ။ မကျေနပ်လို့လည်းဘာမှဖြစ်လာစရာမရှိပါ။ စာရင်းအရ မဲဆန္ဒရှင်၃၂၆၅၀ရဲ့ ၁၀%မပြည့်ပေမဲ့လည်း FPTP အနိုင်ရအကုန်ယူစနစ်က အနိုင်ပေးထားလို့ မဲဆန္ဒရှင်၉၀%ကျော်အတွက်စဥ်းစားဖို့မလိုဘဲ နိုင်သွားတဲ့အဖွဲ့အစည်း ပုဂ္ဂိုလ်ကလွှတ်တော်နိုင်ငံရေးဆောင်ရွက်ခွင့်ရသူဖြစ်သွားပါပြီ”လို့ ဇန်နဝါရီ ၆ရက်က သူ့ရဲ့လူမှုကွန်ရက်မှာရေးထားပါတယ်။
ကြိုတင်မဲတွေပွင့်လင်းမြင်သာမှုမရှိတာ၊ ကြိုတင်မဲကောက်ယူသူ ရပ်/ကျေးအဖွဲ့ဝင်တွေဟာလည်း ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်တာတွေနဲ့ပတ်သက်ပြီး UECဥက္ကဌနဲ့ အခုလ ၆ရက်က နေပြည်တော်မှာတွေ့ဆုံချိန်မှာ ဝင်ပြိုင်တဲ့ပါတီခေါင်းဆောင်တွေက တင်ပြခဲ့ကြပါတယ်။
ဒါပေမယ့် UECဥက္ကဌရဲ့ ပြန်ပြောဆိုချက်ထဲမှာတော့ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရေတွက်ခြင်းတို့ကို ဥပဒေ၊နည်းဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာလုပ်ခဲ့တယ်လို့သာ ပြောထားတာတွေ့ရပါတယ်။

စစ်အုပ်စုရွေးကောက်ပွဲဝင်ပြိုင်တဲ့ပါတီတွေဖြစ်တဲ့ ပြည်သူ့ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)နဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကတော့ ကြိုတင်မဲကိစ္စအပေါ်ကျေလည်မှုမရှိလို့ဆိုပြီး ဒီကိစ္စကိုစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီ စာပို့ထားတယ်လို့သိရပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ပြိုင်ခဲ့တဲ့ ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီကတော့ စစ်အုပ်စုရွေးကောက်ပွဲအပိုင်း-၁မှာ မြိတ်မြို့နယ်အတွက် တိုင်းလွှတ်တော်ကိုယ်စားလှယ်တနေရာသာ အနိုင်ရရှိခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဦးကိုကိုကြီးက “တခြားနေရာတွေမှာလည်း ကျနော်တို့မဲအရေအတွက် ပမာဏတခုထိရရှိခဲ့ပါတယ်။ သို့သော်မေးခွန်းထုတ်စရာဖြစ်တဲ့ကြိုတင်မဲတွေရဲ့ပြဿနာ၊ မဲစာရင်းပြဿနာ၊ မဲပေးတဲ့အခါမှာမဲစာရင်းကပ်တဲ့ပြဿနာ အစရှိသဖြင့် လိုအပ်ချက်တွေ၊စိန်ခေါ်မှုတွေရှိနေပေမယ့်လို့ မဲဆန္ဒရှင်တွေကတက်တက်ကြွကြွနဲ့ကျနော်တို့ကို မဲပေးခဲ့ကြတာရှိပါတယ်”ဆိုပြီး ကြိုတင်မဲကိစ္စကို အခုလ ၆ရက်ကထည့်ပြောသွားတာ တွေ့ရပါတယ်။

ကြိုတင်မဲမှာ လုံခြုံရေးကြိုးကသတ်မှတ်ထားတဲ့ကြိုးမဟုတ်တာ၊ ကြိုတင်မဲနောက်ကျောမှာ ရပ်/ကျေးကော်မရှင်ဥက္ကရဲ့လက်မှတ်မပါတာ၊ ကြိုတင်မဲခြစ်တဲ့ အမှန်ခြစ်ရာတွေဟာ တူညီနေတာမျိုးတွေကြောင့် တယောက်ထဲကခြစ်ထားတယ်လို့လည်း ပြိုင်ဘက်ပါတီတွေက ယူဆထောက်ပြထားကြပါတယ်။







Comments