စစ်ကောင်စီဘက်က ကာမီကာဇေ ဒရုန်းတွေ ပိုမိုအသုံးပြုလာ
- BVJ

- Jul 24
- 1 min read
အေတီ/BVJ_ဇူလိုင်၂၄၊၂၀၂၅

သူတို့နိုင်ငံပိုင်နက်ထဲ မြန်မာစစ်တပ်ရဲ့ ကာမီကာဇေဒရုန်းတစ်စင်းပျက်ကျခဲ့မှုနဲ့ပတ်သက်ပြီး ထိုင်းအစိုးရက ကန့်ကွက်စာတစ်စောင် မြန်မာစစ်ကောင်စီထံပေးပို့လိုက်တယ်ဆိုတဲ့အကြောင်း Thai PBS သတင်းဌာနမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်၊ ခွန်မယ့်ဝေကျေးရွာအနီး တောတွင်းတနေရာမှာ ဇူလိုင်၂၂ရက်မနက်ပိုင်းက ပျက်ကျထားတဲ့ စစ်ကောင်စီရဲ့ ကာမီကာဇေ အသေခံဒရုန်းတစင်းကို ထိုင်းစစ်တပ်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အထက်ပါ ကာမီကာဇေဒရုန်းဟာ ပြီးခဲ့တဲ့ ဧပြီလက မဲ့သဝေါ ဒေသ၊ အူးမူးထကျောင်းကို စစ်ကောင်စီဘက်ကပစ်လိုက်တဲ့ ဒရုန်းအဟောင်းဖြစ်နိုင်တယ်လို့ ကေအဲန်ယူ တပ်မဟာ(၇)တပ်မဟာမှူးကပြောတဲ့အကြောင်း KIC သတင်းဌာနမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ၁ရက်နေ့ကလည်း မကွေးတိုင်း မင်းတုန်းမြို့နယ်တွင်းက တိုက်ပွဲတခုမှာ ရုရှားထုတ်လို့ယူဆရတဲ့ ကာမီကာဇေဒရုန်းတွေ စစ်ကောင်စီဘက်ကအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်၄တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီတပ်ကသုံးနေတဲ့ အသေခံဒရုန်း ကာမီကာဇေဟာ အီရန်ထုတ် Shahed Kamekaze Drone နဲ့ပုံစံတူပြီး FPV အသေခံ ဒရုန်းထက်ပိုပြင်းတယ်လို့ ကျွမ်းကျင်သူတွေက သုတေသနပြုထားတာရှိပါတယ်။ ပိုမြန်မြန် ပိုမြင့်မြင့်သယ်နိုင်ပြီး မိတ္ထီလာ တကစ၁ (တပ်မတော်အကြီးစားစက်ရုံ) သုတေသန Project ကထုတ်လုပ်တာလို့ ပြောနေကြပါတယ်။
တိကျတဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်အောင် စစ်ကောင်စီတပ်ဖက်က ဒရုန်းတွေပို အသုံးပြုဖို့ကြိုးစားလာတာတွေ့ရတယ်။ မြေပြင်သတင်းရဖို့ လေတပ်ကနေ မြေပြင်မှာကင်းထောက်ဖို့ကြည်းတပ်ချည်းအားမကိုးတော့ပဲ ဒရုန်းနဲ့ သတင်းထောက်တာတွေလဲ ပိုလုပ်လာနိုင်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလဆန်းတုန်းကလည်း ဖယ်ခုံ PDF (၁၀၀၂) တပ်ရင်းကနေ စကစရဲ့ အသေခံ ဒရုန်းတစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဒါပေမယ့် အဲ့ဒီဒရုန်းဟာ ပစ်ချတာထက် သူ့ဘာသာပျက်ကျတာပိုဖြစ်နိုင်တဲ့အကြောင်း Tactical Raptor ကပြောပါတယ်။


လက်ရှိအခြေအနေအရ စကစရဲ့ အသေခံဒရုန်းတွေမှာ လိုအပ်ချက်တွေရှိနေသေးပေမယ့် ချိန်ကြာလာတာနဲ့အမျှ အဆင့်မြှင့်တင်တာတွေဆက်လုပ်လာနေမှာသေချာပါတယ်။ ဒါ့ကြောင့် အချိန်ကြာလာတာနဲ့အမျှ စကစဒရုန်းတွေ ထိရောက်မှုအား ပိုကောင်းလာနိုင်တယ်လို့ လက်နက်တွေအကြောင်း သုတေသလုပ်ဖော်ပြနေတဲ့ Tactical Raptor ပေ့ချ်က သုံးသပ်ပါတယ်။
စကစ အနေနဲ့ ဒရုန်းမျိုးစုံကို တိုးမြှင့်အသုံးပြုလာတယ်ဆိုတာ အထောက်အထားတွေတစ်ခုပြီးတစ်ခုတွေ့နေရပြီဖြစ်ပါတယ်။ အထူးသဖြင့် နောင်ချိုမြို့ သိမ်းတိုက်ပွဲမှာ ဒရုန်းတွေ ပိုအသုံးပြုလာနေတယ်ဆိုတာ ထုတ်ပြနေတာတွေ့ရပြီး သူတို့ဒရုန်းတွေက အရင်ကထက် ပိုဝေးဝေး ပိုကြာကြာ ပျံနိုင်လာသလို၊ ပစ်မှတ်ကိုလည်း ပိုထိအောင် ပစ်လာနိုင်တာတွေ့ရပါတယ်။
ဒါ့ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ စကစ ဒရုန်းတွေကို တန်ပြန်ဖို့ counter UAS solutions တွေကို အရင်ကထက် ပိုလုပ်ဖို့လိုအပ်နေပြီလို့ Tactical Raptor ပေ့ချ်က အကြံပြုထားပါတယ်။
ကာမီကာဇေဒရုန်းဆိုတာ ဒုတိယကမ္ဘာစစ်မှာ ရန်သူပစ်မှတ်တွေကို လေယာဥ်နဲ့ အသေခံထိုးချတိုက်ခိုက်ခဲ့တဲ့ ဂျပန်လေယာဥ်မှူးတွေတိုက်ခိုက်မှုကို အစွဲပြုပြီးအမည်ပေးထားတာပါ။
အသေခံတိုက်တဲ့ ဂျပန်လေယာဥ်တွေလိုပဲ ကာမီကာဇေဒရုန်းတွေမှာ ဖောက်ခွဲရေးပစ္စည်းတွေ သယ်လာပြီး ရန်သူပစ်မှတ်တွေ တိုက်ရိုက်ထိုးချတိုက်ခိုက်တဲ့ တခါသုံးဒရုန်းတွေဖြစ်ပါတယ်။
ဒီဒရုန်းတွေ အားလုံးကို အကုန်ပစ်ချနိုင်ဖို့ခက်ပါတယ်။ယူကရိန်းစစ်ပွဲမှာ ရုရှားစစ်တပ်က ကာမီကာဇေ ဒရုန်းတွေ အသုံးပြုတိုက်ခိုက်နေပြီး ဒရုန်းအများစုက ပစ်မှတ်ကိုထိမှန်နေတဲ့အတွက် ယူကရိန်းတို့ အခက်တွေ့နေကြပါတယ်။
ကာမီကာဇေဒရုန်းကို မြန်မာနိုင်ငံမှာ တော်လှန်ရေး အင်အားစုတွေကလဲ အသုံးပြုနေကြသလို စစ်ကောင်စီတပ်ဘက်မှာ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး မြန်မာပြည်နေရာအနှံ့ အသုံးပြုလာနေတာ သတိထားမိပါတယ်။







Comments