ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောင်စီဗိုလ်မှူးချုပ်နဲ့ ဗျူဟာမှူးအပါအဝင် ၃၀ ကျော် သေဆုံး
- BVJ

- May 31, 2025
- 1 min read
ဒုဗိုလ်မှူးကြီးတစ်ဦးနဲ့ စစ်သုံ့ပန်းအများအပြားကို ဖမ်းဆီးရမိ
BVJ/ထက်အောင် _ မေ ၃၁ ၊ ၂၀၂၅

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့ပြီး ၃၀ ကျော် သေဆုံးခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ Arakan Princess Media က ဒီနေ့ မေ ၃၁ ရက်မှာ ဖော်ပြလာပါတယ်။
မနေ့ မေ ၃၀ ရက်က ကျောက်ဖြူမြို့နယ် မင်းတက်တောင်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ AA တပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီ တိုင်းစစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်နဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲတွေမှာလည်း စစ်ကောင်စီ တပ်မ ၁၁ လက်အောက်ခံ ခြေမြန်တပ်ရင်းဌာနချုပ်က ဗိုလ်မှူးချုပ် ကျော်မျိုးအောင်နဲ့ အလုပ်သင်ဗိုလ်တစ်ဦးကို AA တပ်တော်က စနိုက်ပါလက်နက်နဲ့ ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီ ဗျူဟာမှူးနဲ့အတူ အလောင်း ၃၀ ကျော်နဲ့ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။
ကျောက်ဖြူမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီစစ်သုံ့ပန်း ဖမ်းဆီးရမိမှုအခြေအနေနဲ့ စစ်ကောင်စီ သေဆုံးမှုအခြေအနေတွေနဲ့ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ကျောက်ဖြူတိုက်ပွဲဟာ စက်မှုလက်မှုသင်တန်းကျောင်းမှာ အခြေပြုတပ်စွဲထားတဲ့ စစ်ကောင်စီဘက်က ထိုးစစ်ဆင်မှုတွေလုပ်ဆောင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာနေရာဟာ တရုတ်ဂက်ပိုက်လိုင်းနဲ့ မီတာ ၆၀၀၀ ကျော် (၃ မိုင်ကျော်) သာကွာဝေးတယ်လို့လည်း သိရပါတယ်။
AA တပ်တော် သိမ်းယူဖို့ကျန်ရှိနေသေးတဲ့ မြို့ ၃ ခုထဲက ကျောက်ဖြူဟာ တရုတ်စီမံကိန်းတွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးရှိရာဒေသတစ်ခုဖြစ်တာကြောင့် AA တပ်တော်က ကျောက်ဖြူမြို့တိုက်ပွဲကို စစ်အင်အားအလုံးအရင်းနဲ့ ဖော်ဆောင်တာမျိုးကိုတော့ မတွေ့ရသေးပါဘူး။




Comments