TPCCကို အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ တအာင်းပြည်ကောင်စီ-TLCအဖြစ် ပြောင်းလဲဖွဲ့စည်း
- BVJ
- Jun 9
- 1 min read
တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို ဒီနှစ်မှာ ဖွဲ့စည်းမယ်
BVJ/မိုနာ_ ဇွန် ၉၊ ၂၀၂၅

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCCကနေ တအာင်းပြည်ကောင်စီ-TLCအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး တအာင်းပြည်တော်လှန်ရေးကာလမှာ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းအဖြစ် တာဝန်ပေးအပ်လိုက်ကြောင်း TPCCက ဒီနေ့ ဇွန် ၉ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
တအာင်းအမျိုးသားပါတီ-TNP၊ ပလောင်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLAနဲ့ တအာင်းအရပ်ဖက်အစုအဖွဲ့တွေပါဝင်တဲ့ TPCCရဲ့ နိုင်ငံရေးထိပ်သီးအစည်းကြီးကို အစုအဖွဲ့သုံးဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်တွေ (၈၃)ဦးနဲ့ အခုလ ၁ရက်နေ ၃ရက်အထိ တအာင်းပြည်မှာပြုလုပ်အပြီးမှာ အခုလို တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
တအာင်းနိုင်ငံရေးထိပ်သီးအစည်းအဝေးမှာ တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကော်မတီ-TSCDCရေးဆွဲထားတဲ့ “တအာင်းပြည်တော်လှန်ရေးကာလအစိုးရအစီအမံ”ကို လက်ခံအတည်ပြုခဲ့သလို TLCကို တအောင်းပြည်တော်လှန်ရေးကာလမှာ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြတာလို့သိရပါတယ်။
အဲ့ဒီအစီအမံအရ တအာင်းပြည်ရဲ့အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊တရားစီရင်ရေးဆိုတဲ့ အဓိကမဏ္ဍိုင်ကြီး(၃)ခုကို TLCက ထိန်းကျောင်းကြပ်မတ်ဦးဆောင်နိုင်ဖို့အတွက် TPCCကနေ ပြောင်းလဲဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ကြေညာပါတယ်။
အခုပြောင်းလဲဖွဲ့စည်းလိုက်တဲ့ TLCကနေမှ လက်ရှိတော်လှန်ရေးမှာပါဝင်ထားတဲ့နေရာအားလုံးမှာ ဆက်လက်ပါဝင်မှာဖြစ်တယ်လို့လည်း TPCCအတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇာရ်က BurmaVJကို ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့တွေ TPCCကနေ TLCအဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်တာဖြစ်ပါတယ်ဗျ။ လက်ရှိကျနော်တို့ ဒီတအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCCကနေမှ ပါဝင်ထားတဲ့နေရာတွေ အားလုံး အကုန်လုံးကို ဆက်လက်ပြီးမှပူးပေါင်းပါဝင်သွားမှာဖြစ်ပါတယ်နော်။ TPCCနာမည်နဲ့ မဟုတ်ဘဲနဲ့ TLCနာမည်အနေနဲ့ဒီတော်လှန်ရေးမှာ ဆက်လက်ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”
ဒါ့အပြင် TPCCထက် TLCကို လုပ်ပိုင်ခွင့်အာဏာပိုရှိအောင်မြှင့်ပေးလိုက်တာဖြစ်ပြီး ရှေ့ဆက်ပြီး မဟာမိတ်တွေနဲ့ပူးပေါင်းဆောင်ရွက်မှုမှာလည်း TLCကပဲ ဦးဆောင်သွားမှာဖြစ်တယ်ပြောပါတယ်။
တအာင်းပြည်ကောင်စီအနေနဲ့ ၁၀၂၇စစ်ဆင်ရေးကြီးအတွင်း စစ်ကောင်စီကိုဖယ်ရှားနိုင်ခဲ့တဲ့ နယ်မြေတွေကိုအခြေခံပြီး တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို အစုအဖွဲ့(၃)ဖွဲ့ရဲ့ ခေါင်းဆောင်ကိုယ်စားလှယ်တွေအပြင် သင့်လျော်တဲ့ ပြည်သူလူထုကိုယ်စားလှယ်တွေနဲ့ ဒီနှစ် ၂၀၂၅အတွင်းမှာ ဆက်လက်ဖွဲ့စည်းနိုင်ဖို့ အမြန်ဆုံးကြိုးပမ်းဆောင်ရွက်နေသလို၊ မြန်မာပြည်တော်လှန်ရေးအင်အားစုတွေနဲ့အတူ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတည်ဆောက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း TLCက ဒီနေ့မှာ သဘောထားထုတ်ပြန်ပါတယ်။
အခုပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ TLCမှာ PSLF/TNLA ဥက္ကဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းက ဥက္ကဌအဖြစ်တာဝန်ယူထားပြီး ဒုဥက္ကဌ(၁)အဖြစ် လွေးမိုးခမ်း၊ ဒုဥက္ကဌ(၂)အဖြစ် တားအေးမောင်၊ အဖွဲ့ဝင်တွေအဖြစ် ဗိုလ်ချုပ် တားခူလန်း၊ တားအောင်ပေ၊ တားကြာထွန်း၊ လွေးမိုးလှိုင်နဲ့ အတွင်းရေးမှူးအဖြစ် လွေးပိုးကမေဲ;ခြိူဝ်း၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဗိုလ်ကြီး လွေးယေတို့က တာဝန်ယူထားပါတယ်။
TPCCကို ၂၀၂၁ခုနှစ် မတ်လ ၂၄ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ-NUCCမှာ အဖွဲ့ဝင်အဖွဲ့အစည်းအဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။
Comments