ဖားဆောင်းမြို့နယ်ထဲက ခလရ ၁၃၄ ကို ကရင်နီတပ်ပေါင်းစုက တပါတ်အတွင်းသိမ်းပိုက်နိုင်ခဲ့
- BVJ

- Jul 4, 2025
- 1 min read
BVJ/ယူဂရင်း_ ဇွန် ၄၊ ၂၀၂၅

ကရင်နီပြည်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ ၁၃၄ ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ကရင်နီတပ်ပေါင်းစုက မနေ့ ဇူလိုင် ၃ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
ဖားဆောင်းမြို့နယ်ထဲက စစ်ကောင်စီတပ်ရင်းနှစ်ခုဖြစ်တဲ့ ခလရ ၁၃၄နဲ့ ၁၃၅ကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဇွန် ၃၀မှာ ခလရ ၁၃၄ကို သိမ်းပိုက်ရရှိခဲ့တာကြောင့် ခြောက်ရက်အတွင်းအပြီးသိမ်းယူနိုင်ခဲ့တာပါ။
လက်ရှိမှာ ခလရ ၁၃၅ကို သိမ်းပိုက်နိုင်ရေးဆက်ကြိုးစားနေဆဲဖြစ်တယ်လို့ တိုက်ပွဲအတွင်းပါဝင်တိုက်ခိုက်နေသူ တပ်ဖွဲ့ဝင်တစ်ဦးက Burma VJကို ပြောထားပါတယ်။
တပ်ရင်းနှစ်ခုလုံးကိုတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်ကနေ Y-12 , Y-8, FTC-2000G အပါအဝင် ဂျက်ဖိုက်တာအမျိုးမျိုးနဲ့ လေကြောင်းစစ်ကူ အပြင်းအထန်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
အဲ့ဒီအတွင်းမှာ အခုလ ၂ရက်နေ့က မနက်တနာရီခန့်က ဖားဆောင်းတိုက်ပွဲကို ဗုံးကြဲဖို့လာတဲ့ ဂျက်လေယာဉ်လေးစင်းကို ကရင်နီတပ်ပေါင်းစုံက တန်ပြန်တိုက်ခိုက်ခဲ့တာကြောင့် FTC-2000G ကို ပစ်ချနိုင်ခဲ့ပြီး ၃ရက်နေ့ မွန်းလွဲနှစ်နာရီမှာ ဖားဆောင်းမြို့အနီးဝန်းကျင်မှာ သေဆုံးလေယာဉ်မှူး နှစ်ယောက်နဲ့ တိုက်လေယာဉ်အပျက်အစီးတွေကို ရှာတွေ့ခဲ့တယ်လို့ ကရင်နီတပ်ပေါင်းစုံက ထုတ်ပြန်ပါတယ်။
ကရင်နီတပ်ပေါင်းစုတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် သာလွန်လက်နက်တွေနဲ့အသုံးပြုတိုက်ခိုက်နေတာတွေကို အစွမ်းကုန်တန်ပြန်တိုက်ခိုက်သွးမယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFရဲ့ ဒုတိယစစ်ဦးစီးချုပ် မာဝီကလည်း ဒီလိုအောင်မြင်မှုတွေဟာ ကျနော်တို့ကရင်နီစစ်သည်တိုင်းရဲ့ကြိုးစားမှုတွေကြောင့်ဖြစ်ပြီး အားလုံးကိုလေးစားဂုဏ်ပြုကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ ဒီနေ့မနက်က ရေးသားထားပါတယ်။
ကရင်နီတပ်ပေါင်းစုံကပစ်ချနိုင်ခဲ့တဲ့ FTC-2000G ကိုလေယာဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ လေ့ကျင့်ပျံသန်းရင်း စက်ချွတ်ယွင်းမှု (သို့မဟုတ်) ရုတ်တရက်ရာသီဥတုဆိုးရွားမှုကြောင့် ဆက်သွယ်မှုပြတ်တောက် ပျောက်ဆုံးသွားခြင်းသာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီရဲ့လေယာဉ်တွေကိုပစ်ချနိုင်ပြီး လေယာဉ်ပျက်ကျပျက်စီးမှုတွေဖြစ်တိုင်းမှာ စစ်ကောင်စီဘက်က အခုလိုထုတ်ပြန်လေ့ရှိတတ်တာကိုလည်း တွေ့ရပါတယ်။




Comments