ရုရှား-ယူကရိန်းစစ်ပွဲ ဇွန်လမှာအဆုံးသတ်ဖို့ အမေရိကန်လိုလားနေ
- BVJ

- Feb 9
- 1 min read
အေတီ/BVJ_ဖေဖော်ဝါရီ ၇၊ ၂၀၂၆

ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကို လာမယ့်ဇွန်လမှာအဆုံးသတ်ဖို့ အမေရိကန်က လိုလားနေပြီး နှစ်နိုင်ငံကိုယ်စားလှယ်တွေကလာမယ့်အပတ်ထဲမှာဆွေးနွေးပွဲပြုလုပ်ဖို့ အမေရိကန်ကိုဖိတ်ကြားထားကြောင်း ယူကရိန်းသမ္မတ ဗလာဒီမာ ဇာလန်းစကီးကအတည်ပြုပါတယ်။
"ယူကရိန်းနဲ့ ရုရှားဆွေးနွေးရေးအဖွဲ့နှစ်ဖွဲ့လုံးကို အမေရိကန်ပြည်ထောင်စုမှာ ဖြစ်နိုင်ရင် မိုင်ယာမီမှာနောက်တစ်ပတ်အတွင်းတွေ့ဆုံဖို့ အမေရိကန်ဘက်က ပထမဆုံးအကြိမ်ကမ်းလှမ်းထားပါတယ်။ဆွေးနွေးပွဲတက်မယ်လို့ ကျွန်တော်တို့ဘက်ကအတည်ပြုပေးထားပြီးပါပြီ"လို့ ဗလာဒီမာဇာလန်းစကီးကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရနဲ့ ရုရှားအစိုးရဘက်ကတော့ တစုံတရာမှတ်ချက်မပြုသေးပေမယ့် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ရုရှားနဲ့ယူကရိန်းစစ်ပွဲပဋိပက္ခကိုအဆုံးသတ်ဖို့ လွန်ခဲ့တဲ့တစ်နှစ်ကျော် သမ္မတတာဝန်ပြန်ယူကတည်းက တွန်းအားပေးလုပ်ဆောင်နေပါတယ်။

တဖက်မှာလည်း ရုရှားကယူကရိန်းနိုင်ငံတွင်းကစွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားဆက်လက်တိုက်ခိုက်နေတာကြောင့် အလွန်အမင်းအေးခဲနေတဲ့ ရာသီဥတုအခြေအနေအတွင်းမှာ နေရာအနှံ့အပြားလျှပ်စစ်မီးတွေ ပြတ်တောက်နေပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ကျင်းပခဲ့တဲ့ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာကျင်းပခဲ့တဲ့ ဒုတိယအကျော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ သောကြာနေ့မှာပြီးဆုံးခဲ့ပေမယ့် ထူးခြားတဲ့တိုးတက်မှုတစုံတရာမရှိခဲ့ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီးက စနေနေ့မှာသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။
အမေရိကန်မှာလုပ်မယ့်ဆွေးနွေးပွဲမှာ ကိုယ်စားလှယ်တွေအဆင့်တင်မကဘဲ နိုင်ငံခေါင်းဆောင်တွေပါတိုက်ရိုက်တွေ့ဆုံမယ့် သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ ပထမဆုံးအကြိမ်ထည့်သွင်းဆွေးနွေးခဲ့ကြပေမယ့်လည်း နိုင်ငံခေါင်းဆောင်တွေတွေ့ဆုံနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေအများကြီးလုပ်ဖို့ လိုအပ်နေသေးတယ်လို့ ဇာလန်းစကီးကပြောပါတယ်။
ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိဖို့ အချိန်ကာလသတ်မှတ်ထားခြင်း ရှိ၊မရှိ မေးမြန်းမှုကို ယူကရိန်းသမ္မတ ဇာလန်းစကီးက" ဇွန်လမှာအားလုံးအပြီးသတ်ဖို့ အမေရိကန်ဘက်ကဆန္ဒရှိနေတယ်"လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ခရက်ဒစ်- ဘီဘီစီ




Comments