ရုရှား-ယူကရိန်းစစ်ပွဲ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ယူအေအီးနိုင်ငံမှာစတင်ကျင်းပနေ
- BVJ

- Jan 26
- 1 min read
အေတီ/BVJ_ဇန်နဝါရီ ၂၄၊ ၂၀၂၆

ယူကရိန်း၊ရုရှားနဲ့အမေရိကန် ညှိနှိုင်းရေးမှူးတွေ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာ ဆွေးနွေးပွဲတွေစတင်နေပြီဖြစ်ပါတယ်။ ဒီသုံးပွင့်ဆိုင်တွေ့ဆုံမှုဟာ လွန်ခဲ့တဲ့လေးနှစ်နီးပါးက ယူကရိန်းကိုရုရှားကဝင်ရောက်ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့က ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ယူကရိန်းသမ္မတ ဇာလန်စကီးနဲ့ အမေရိကန်သမ္မထရမ့်တို့တွေ့ဆုံပြီး နောက်တစ်ရက်အကြာ ဒီတွေ့ဆုံမှုဖြစ်လာသလို အမေရိကန်သံတမန် စတိဗ်ဝစ်ကော့ဖ်နဲ့ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်တို့ ကရင်မလင်နန်းတော်မှာတွေ့ဆုံပြီး နာရီပိုင်းအကြာမှာ အထက်ပါတွေ့ဆုံမှုဖြစ်လာတာပါ။
ဒါပေမယ့် ရုရှားနဲ့ယူကရိန်းအကြား အခုအချိန်ထိညှိနှိုင်းရခက်နေတဲ့ကိစ္စက နယ်မြေခွဲဝေမှုပြဿနာဖြစ်ပါတယ်။
ယူအေအီးနိုင်ငံကတွေ့ဆုံဆွေးနွေးပွဲဟာ အလုပ်ဖြစ်နိုင်ခြေရှိနိုင်ပေမယ့် နယ်မြေပိုင်ဆိုင်မှုပြဿနာတွေဖြေရှင်းပြီးမှသာ ရေရှည်ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုရလာနိုင်မယ်လို့ ရုရှားဘက်ကပြောပါတယ်။
ယူကရိန်းသမ္မတ ဗလလာဒီမာ ဇာလန်းစကီးဘက်ကတော့ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့ မှာကျင်းပမယ့် ဆွေးနွေးပွဲဟာ "စစ်ပွဲ အဆုံးသတ်နိုင်မယ့် မျှော်လင့်ချက်အတွက်ခြေလှမ်းတစ်ရပ်"အဖြစ်ရှုမြင်တယ်လို့ ပြောပါတယ်။
ရုရှားက ဒွန်းဘတ်စ်ဒေသတစ်ခုလုံးကနေ ယူကရိန်းတပ်တွေထွက်သွားဖို့ တောင်းဆိုနေပြီး ဒီကိစ္စကို ယူကရိန်းဘက်က လုံးဝလက်မခံနိုင်ဘူးဖြစ်နေပါတယ်။
အဘူဒါဘီဆွေးနွေးပွဲက ထွက်လာနိုင်တဲ့ ဖြစ်နိုင်ခြေရှိတဲ့ရလဒ်တွေထဲမှာ ကြားခံဇုန်ထားရှိရေးနဲ့ စောင့်ကြည့်ရေးယန္တရားတွေထားရှိရေးကိစ္စတွေပါဝင်တယ်လို့ ရုရှားနိုင်ငံအခြေစိုက်မီဒီယာတစ်ခုမှာ ဖော်ပြထားပါတယ်။
ရုရှားရဲ့ နောက်ထပ်ကျူးကျော်မှုမဖြစ်လာဖို့ အမေရိကန်အပါအဝင် အနောက်တိုင်းမဟာမိတ်တွေထံက လုံခြုံရေးအာမခံချက်တွေရဖို့ ယူကရိန်းက တောင်းဆိုထားပါတယ်။
ယူကရိန်းအရှေ့ပိုင်းက နယ်မြေတွေရဲ့အနာဂတ်အခြေအနေဟာ မဖြေရှင်းရသေးတဲ့ ပြဿနာတစ်ခုအဖြစ်ရှိနေဆဲဖြစ်ကြောင်း ယူကရိန်းသမ္မတဇာလန်းစကီးက ဆွစ်ဇာလန်နိုင်ငံ၊ဒါးဗို့စ်မြို့ မှာ ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံပြီးတဲ့အချိန်မှာပြောခဲ့ပါတယ်။







Comments