ရုရှားစစ်လေယာဉ် ၄၀ ကျော်ကို ဒရုန်း ၁၁၇ စင်းနဲ့တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်း ပြော
- BVJ

- Jun 2, 2025
- 1 min read
BVJ/Moore _ ဇွန် ၂ ၊ ၂၀၂၅
ရုရှားနိုင်ငံအတွင်းပိုင်း စစ်ဘက်ဆိုင်ရာအခြေစိုက်စခန်းတွေမှာရှိတဲ့ ဗုံးကြဲလေယာဉ် ၄၀ ကျော်ကို ဒရုန်းနဲ့တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်း ထောက်လှမ်းရေးအဖွဲ့က ထုတ်ပြောလာပါတယ်။ ဒါဟာ တူရကီနိုင်ငံ အစ္စဘူလ်မှာပြုလုပ်မယ့် နှစ်နိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်မီ နာရီပိုင်းအလိုမှာ ယူကရိန်းက တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ရုရှားစစ်ဘက်ဆိုင်ရာလေယာဉ်တွေကို တိုက်ခိုက်နိုင်ဖို့အတွက် တစ်နှစ်ခွဲဝန်းကျင် အချိန်ယူပြင်ဆင်ခဲ့ရပြီး စစ်ဆင်ရေးအသေးစိတ်အချက်အလက်တွေကိုတော့ လုံခြုံရေးအရ ပြောကြားတာမျိုးမရှိပေမဲ့ စစ်ဆင်ရေးကိုတော့ ယူကရိန်းသမ္မတ ဇလန်စကီးကိုယ်တိုင် ကြီးကြပ်ခဲ့တယ်လို့ AP သတင်းဌာနကို ယူကရိန်းစစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက ပြောပါတယ်။
အခုစစ်ဆင်ရေးမှာ ဒရုန်းအစီးရေ ၁၁၇ စင်း အသုံးပြုခဲ့တယ်လို့ ဇလန်စကီးက ပြောကြားထားပြီး ယူကရိန်း လုပ်ဆောင်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးကြီးကြပ်ကွပ်ကဲတဲ့နေရာဟာ ရုရှားနိုင်ငံ ဖက်ဒရယ်ထောက်လှမ်းရေးအဖွဲ့ဌာနချုပ်ရုံး (FSB) နဲ့ ကပ်လျက်ရှိနေတယ်လို့ ဇလန်စကီးက ထုတ်ပြောလာပါတယ်။
ဒီစစ်ဆင်ရေးအတွက် လိုအပ်တဲ့အစိတ်အပိုင်းတွေနဲ့ FPV (First-person-view) ဒရုန်းတွေကို ရုရှားနိုင်ငံထဲက မှောင်ခိုလမ်းကြောင်းကနေတဆင့် တင်ပို့ခဲ့ကာ ဒရုန်းပစ္စည်းတွေကို သစ်သားနဲ့လုပ်ထားတဲ့ ကွန်တိန်နာပုံးတွေနဲ့အတူ နေရာချထားခဲ့တာလည်း ဖြစ်ပါတယ်။
“ဒရုန်းတွေ သယ်လာတဲ့ ထရပ်ကားတွေကို စစ်ဆင်ရေးလုပ်မယ့်အနီးမှာ နေရာချထားပြီးတော့ အမိုးတွေ ဖွင့်လိုက်ပြီး စစ်ဆင်ရေးဒရုန်းတွေကို ပစ်မှတ်နေရာတွေဆီကို ပျံသန်းသွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ” လို့ စစ်ဆင်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း AP သတင်းဌာနကို ပြောထားပါတယ်။
“ပင့်ကူအိမ်စစ်ဆင်ရေး” လို့ အမည်ပေးထားတဲ့ FPV ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရုရှားစစ်ဘက်ဆိုင်ရာလေယာဉ်တွေဖြစ်တဲ့ A-50, Tu-95 နဲ့ Tu-22M လေယာဉ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ရုရှားဘက်က အတည်ပြုပြောဆိုထားပါတယ်။ Tu-95 နဲ့ Tu-22 တာဝေးဗုံးကြဲလေယာဉ်တွေဟာ ယူကရိန်းစစ်မြေပြင်မှာ ရုရှားစစ်ဘက်က အသုံးပြုခဲ့တာဖြစ်ပြီး A-50s လေယာဉ်က သတ်မှတ်ထားတဲ့ ပစ်မှတ်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေကို ထိထိရောက်ရောက် ဖျက်ဆီးနိုင်တဲ့ လေယာဉ်တွေလည်း ဖြစ်ပါတယ်။
စစ်ဘက်ဆိုင်ရာလေယာဉ်တွေ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးက အတည်ပြုထုတ်ပြန်ထားပြီး ဒီလေယာဉ်တွေဟာ Irkutsk ဒေသတွင်းက စစ်ဘက်အခြေစိုက်စခန်းတွေမှာရှိနေတာလည်း ဖြစ်ပါတယ်။ Irkutsk ဒေသဟာ ယူကရိန်းနိုင်ငံနဲ့ မိုင်ပေါင်း ၂၅၀၀ ကျော် ကွာဝေးတာလည်း ဖြစ်ပါတယ်။




Comments