top of page

ရေနံဝယ်ယူမှုကနေ ရုရှား၊တရုတ်နဲ့ အိန္ဒိယ ဆက်ဆံရေး ဘယ်လိုနီးကပ်သွားတာလဲ

  • Writer: BVJ
    BVJ
  • 3 days ago
  • 2 min read

အေတီ

ree

ရုရှားသမ္မတ ဗလာဒီမာပူတင်၊ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ တရုတ်နိုင်ငံမှာ တနင်္လာနေ့ကတွေ့ဆုံခဲ့မှုဟာ သူတို့ကြားရှားရှားပါးပါးသွေးစည်းညီညွတ်မှုတစ်ခုအဖြစ် နိုင်ငံတကာကို ပြသနိုင်ခဲ့ပါတယ်။


ပြီးတော့ဒီတွေ့ဆုံမှုကနေ သူ့နိုင်ငံကရေနံတွေအများဆုံးဝယ်ယူနေတဲ့ နိုင်ငံနှစ်နိုင်ငံကခေါင်းဆောင်နှစ်ဦးနဲ့ တိုက်ရိုက်တွေ့နိုင်ပြီး လက်ဆွဲနှုတ်ဆက်နိုင်တဲ့ အခွင့်အ‌ရေးကို ရုရှားသမ္မတပူတင်အတွက်ရသွားပါတယ်။


၂၀၂၂ခုနှစ်မှာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲ ကိုလက်မခံတဲ့ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုတွေတညီတညွတ်တည်းချလိုက်တာက တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံအတွက် ရုရှားကရေနံတွေ စျေးပေါပေါနဲ့ ဝယ်ယူနိုင်တဲ့အခွင့်အရေးရရှိသွားပါတယ်။


ဒါပေမယ့် တရုတ်၊အိန္ဒိယနဲ့ မော်စကိုတို့ကြားက ဆက်ဆံရေးပိုမိုနီးကပ်သွားစေတဲ့ အဓိကအကြောင်းပြချက်တခုကလည်း လတ်တလောမှာရှိနေပါတယ်။


အဲ့ဒါကတော့ ရုရှားကို စီးပွားရေးပိတ်ဆို့မှုတွေချမှတ်ရုံတင်မက ရုရှားနိုင်ငံရဲ့ကုန်သွယ်ဖက်နိုင်ငံတွေအပေါ်မှာလဲ စည်းကြပ်ခွန်တွေတိုးမြှင့်ချမှတ်နေတဲ့ အမေရိကန်နိုင်ငံဟာ သူတို့အားလုံးရဲ့ဘုံရန်ဖြစ်လာနေတဲ့ အချက်ဖြစ်ပါတယ်။


အိန္ဒိယဟာ ရုရှားကရေနံဝယ်ယူမှုတွေကြောင့် သူတို့နိုင်ငံကတင်ပို့တဲ့ ထုတ်ကုန်ပစ္စည်းတွေအပေါ် အမေရိကန်က အမြင့်ဆုံးအခွန်အခတွေချမှတ်အရေးယူခံနေရမှုနဲ့ ရင်ဆိုင်နေရပါတယ်။ တရုတ်နိုင်ငံကလည်း ရုရှားက ရေနံစိမ်းဝယ်ယူမှုအတွက် စည်းကြပ်ခွန်တွေပိုချပြီး အမေရိကန်နဲ့သဘောတူညီမှုတစ်ခုရဖို့ ညှိနှိုင်းနေဆဲဖြစ်ပါတယ်။


တရုတ်၊ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့က ခေါင်းဆောင်သုံးဦးဟာ တရုတ်နိုင်ငံတီယန်ကျင်းမြို့မှာကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးမှာ တွေ့ဆုံခဲ့ကြပါတယ်။


SCOထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံ (Global Governance Initiative) ကို အဆိုပြုပေးထားပေမယ့် အဲ့ဒီဒေသတွင်း ထိပ်သီးအစည်းအဝေးရဲ့ အဓိကရည်မှန်းချက်က အမေရိကန်ရဲ့သြဇာလွှမ်းမှုကို ပူးပေါင်းတုံ့ပြန်ကြဖို့ဆွေးနွေးကြတာလို့ လေ့လာသူတွေက ပြောကြပါတယ်။

ree

ရုရှားအတွက် အခွင့်အရေး

(SCO) ထိပ်သီးအစည်းအဝေးဟာ ရုရှားသမ္မတပူတင်အတွက် သူ့နိုင်ငံရဲ့အကြီးဆုံးကုန်သွယ်ဖက် အိန္ဒိယ တရုတ်တို့ကခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ အကောင်းဆုံး အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။


ရုရှားတို့ ယူကရိန်းကိုကျူးကျော်ဝင်ရောက်ပြီးနောက် အနောက်နိုင်ငံအများစုက ကုန်သွယ်မှုဖြတ်တောက်ခံထားရတဲ့အချိန်မှာ အထက်ပါလူဦးရေအများဆုံးနိုင်ငံနှစ်ခုက ရုရှားနိုင်ငံရဲ့စီးပွားရေးကိုတွန်းအားပေးကူညီခဲ့ကြပါတယ်။


ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံက သူ့နိုင်ငံရဲ့စုစုပေါင်းစွမ်းအင်တင်သွင်းမှု ၂၀ရာခိုင်နှုန်းနီးပါးနဲ့ညီမျှတဲ့ ရုရှားရေနံစိမ်းတန်ချိန် သန်း ၁၀၀ ကျော်အထိ ရုရှားကနေ စံချိန်တင်တင်သွင်းခဲ့ပါတယ်။

အလားတူ ယူကရိန်းစစ်ပွဲမတိုင်မီက ရုရှားကနေရေနံတင်သွင်းမှုအနည်းငယ်သာရှိခဲ့တဲ့ အိန္ဒိယကလည်း ၂၀၂၂ ခုနှစ်ကစပြီး ရေနံစိမ်းတင်ပို့မှု အမေရိကန် ဒေါ်လာ ၁၄၀ ဘီလီယံ တန်ဖိုးအထိတင်သွင်းခဲ့ပါတယ်။


တရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ဟာ ရုရှားနိုင်ငံက စွမ်းအင်တင်ပို့မှုအများစုကို အတူတကွပူးပေါင်းတင်သွင်းနေတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ယူကရိန်းကျူးကျော်စစ်ပွဲမှာ ရုရှားအသုံးပြုနေတဲ့ စစ်ရေးဘတ်ဂျက်ရဲ့လေးပုံတစ်ပုံခန့်ပမာဏာနဲ့ညီမျှတဲ့ငွေတွေဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့တင်ပို့မှုကနေ လာနေတာပါ။


အိန္ဒိယ၊ တရုတ်နိုင်ငံတို့နဲ့ ကုန်သွယ်မှုပိုမိုတိုးမြှင့်နိုင်ရေးအတွက် ရုရှားဘက်ကလျှော့စျေးတွေနဲ့ထပ်မံကမ်းလှမ်းလာမယ်ဆိုရင်လည်း အံ့သြစရာမရှိကြောင်း ပြည်သူ့မူဝါဒရေးရာကျွမ်းကျင်သူ Mandar Oak က ဘီဘီစီမှာပြောထားပါတယ်။


အိန္ဒိယဘက်ကလည်း အမေရိကန်ရဲ့အခွန်တိုးမြှင့်စည်းကြပ်မှုကိုကာကွယ်တုန့်ပြန်နိုင်ဖို့ အမေရိကန်အစိုးရကကန့်ကွက်နေတဲ့ကြားက ရုရှားကရေနံတွေ တိုးပြီးထပ်ဝယ်ဖို့စီစဥ်နေတယ်လို့ သိရပါတယ်။


တနင်္လာနေ့က တရုတ်မှာနှစ်ဦးချင်းတွေ့ဆုံခဲ့တဲ့ အစည်းအဝေးမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ရုရှား သမ္မတပူတင်တို့နှစ်ဦးလုံးက သူတို့နှစ်နိုင်ငံကြားခိုင်မြဲတဲ့ဆက်ဆက်ရေး ပိုမိုတည်ဆောက်သွားမယ်လို့ ပြောခဲ့ကြပါတယ်။


အိန္ဒိယအစိုးရ တာဝန်ရှိသူတွေကလည်း သူတို့လိုချင်တဲ့စျေးကောင်းရရင် ရုရှားကရေနံတွေ ဆက်ဝယ်မယ်လို့ပြောပါတယ်။

စျေးကောင်းရရင် ရုရှားကရေနံတွေဆက်ဝယ်မယ်ဆိုတဲ့ ရုရှားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးရဲ့ ထုတ်ပြန်ချက်ဟာ ရုရှားက ရေနံနဲ့လက်နက်တွေဆက်ဝယ်ရင် ၅၀%အခွန်စည်းကြပ်မှုအပါအဝင် ဒဏ်ငွေ ၂၅% အပိုဆောင်းချမှတ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ထုတ်ပြန်ချက် မထွက်လာမီ ရက်ပိုင်းအတွင်းမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

.

ရုရှားရဲ့ ရေနံတင်ပို့မှုဟာ ၂၀၂၄ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ ရေနံတင်သွင်းမှုရဲ့ ၃၅ရာခိုင်နှုန်းကနေ ၄၀ရာခိုင်နှုန်းထိရှိပါတယ်။ရုရှားက‌ရေနံတွေအောက်စျေးနဲ့ ဝယ်နိုင်လိုက်တဲ့အတွက် သုံးနှစ်ကျော်အတွင်း အမေရိကန် ဒေါ်လာသန်း ၁၂.၆ဘီလျံလောက် အိန္ဒိယတို့ အမြတ်ထွက်သွားပါတယ်။


ဒေလီ-ဝါရှင်တန် ဆက်ဆံရေးဟာလည်း ရုရှားရေနံဝယ်ယူမှုကြောင့် ထရမ့်အစိုးရကနောက်ထပ် အခွန်စည်းကြပ်မှု ၂၅% တိုးမြှင့်ချမှတ်လိုက်ပြီးနောက်ပိုင်း အနိမ့်ဆုံးအဆင့်ရောက်ရှိသွားပါတယ်။ အမေရိကန်အစိုးရရဲ့ အထက်ပါ ဆုံးဖြတ်ချက်ဟာ နှစ်နိုင်ငံကုန်သွယ်မှုသမိုင်းကြောင်းအရ တရားမျှတမှုမရှိဘူးလို့ အိန္ဒိယအစိုးရဘက်က တုံ့ပြန်ထားပါတယ်။


မိုဒီအတွက် အားသာချက်

ရုရှားက ရေနံတွေတိုးဝယ်မယ့်ကိစ္စဟာ အိန္ဒိယနိုင်ငံထဲမှာ မိုဒီအတွက်အရောင်ပိုတင်ပေးသလိုဖြစ်ပြီး ထောက်ခံမှုတွေလဲ ပိုရလာစရာရှိပါတယ်။


အိန္ဒိယအနေနဲ့ အမေရိကန်အစိုးရရဲ့ဖိအားပေးမှုကို ငြိမ်ခံမနေဘူး တုံ့ပြန်နိုင်တဲ့အင်အားရှိတယ်ဆိုတဲ့ အချက်ကိုပြလိုက်တာက မိုဒီအတွက်နိုင်ငံရေး အကျိုးအမြတ်ရသွားစေမှာသေချာပါတယ်။ ရုရှားကရေနံဝယ်ယူမှုဟာ နိုင်ငံခြားကရေနံစိမ်းဝယ်မှုကို ကြီးကြီးမားမား မှီခိုနေရတဲ့အန္ဒိယအတွက် စီးပွားရေးအကျိုးအမြတ်တွေ ပိုကောင်းလာစေပါတယ်။


တချိန်က အရှေ့အလယ်ပိုင်းက ရေနံဝယ်ယူမှုကို အားကိုးနေရတဲ့ အိန္ဒိယနိုင်ငံအတွက် ၂၀၂၂ခုနှစ် ရုရှား ယူကရိန်းကျူးကျော်မှုစစ်ပွဲစတင်ပြီးနောက်ပိုင်း ရုရှားကရေနံတွေကိုစျေးသက်သက် သာသာနဲ့ ဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။


ရုရှားက ရေနံဟာ အရှေ့အလယ်ပိုင်းကရေနံဝယ်ယူတာထက် ပိုစျေးသက်သာအတွက် အိန္ဒိယကရေနံချောထုတ်လုပ်နေတဲ့သူတွေအတွက်လည်း တွက်ချေပိုကိုက်ပါတယ်။


ရုရှားနိုင်ငံက Gazpromနဲ့ တရုတ်က China National Petroleum Corporationတို့ ဆိုက်ဘေးရီးယား ပိုက်လိုင်းကတစ်ဆင့် တရုတ်နိုင်ငံထဲ သဘာဝဓာတ်ငွေ့တိုးမြှင့်ဝယ်ယူဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း အင်္ဂါနေ့ကသတင်းတွေမှာဖော်ပြတာတွေ့ရပါတယ်။


ဒါပေမယ့် ပူတင်က အိန္ဒိယကိုရေနံပိုရောင်းနိုင်မယ်ဆိုရင် တရုတ်ကိုတော့စျေးလျှော့ပေးမှာမဟုတ်ဘူးလို့ ကုန်သွယ်ရေးဆိုင်ရာကျွမ်းကျင်သူပါမောက္ခ Peter Draperက ပြောပါတယ်။


တရုတ်နိုင်ငံအတွက် စင်မြင့်ကုန်သွယ်ရေးကိစ္စအပြင် တရုတ်နိုင်ရဲ့အခြားအဓိကရည်မှန်းချက်က SCO ထိပ်သီးအစည်းအဝေးကို စင်မြင့်တခုလိုအသုံးချပြီး အမေရိကန်နဲ့နိုင်ငံတကာအသိုင်းအဝန်းကို သူတို့ဘယ်လောက်အစွမ်းရှိလဲ ဘယ်လောက်အားကောင်းလဲဆိုတာ ပြချင်တဲ့ပုံစံတွေလဲ တွေ့ရပါတယ်။


SCO ဖိုရမ်မှာ တရုတ်နိုင်ငံဟာ အမေရိကန်အစိုးရက စည်းကြပ်ခွန်တွေချမှတ်ခံထားရတဲ့ ပါကစ္စတန်၊ မြန်မာနဲ့သီရိလင်္ကာနိုင်ငံတွေက ခေါင်းဆောင်တွေကိုပါဖိတ်ပြီး သူတို့တသားတည်းရှိကြောင်းပြသခဲ့ပါတယ်။


တရုတ်နိုင်ငံဟာ မာတီပိုလာဝင်ရိုးစွန်းအစုံ ကမ္ဘာ့အစီအစဉ်သစ်ကိုမြှင့်တင်ချင်နေတာကြာနေပြီလို့ အဓိကကစားသမားတွေကိုပါ အာဏာခွဲပေးတဲ့စနစ်ရဲ့သဘောတာရားကိုရည်ညွှန်းပြီး ပါမောက္ခ Draper က ပြောပါတယ်။


တရုတ်နိုင်ငံမှာလုပ်တဲ့ ဒီဖိုရမ်က ရေနံကတဆင့် တရုတ်၊ရုရှားနဲ့ အိန္ဒိယတို့ကို ပိုမိုညီညွတ်သွားအောင်လုပ်ပေးသလို ၊ အမေရိကန်အစိုးရရဲ့စည်းကြပ်ခွန်တွေရဲ့ခြိမ်းခြောက်မှုနဲ့ရင်ဆိုင်နေရတဲ့နိုင်ငံတွေကိုလည်း အကျိုးစီးပွားတူတွေစုမိသွားစေသလို တစုတစည်းထဲစုပေးလိုက်သလိုဖြစ်သွားတယ်လို့ လေ့လာသူတွေက ပြောနေကြပါတယ်။


ref: BBC


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page