ပြိုင်ပွဲဝင်ကြေးဘတ် ၄၅၀ ပေးရတဲ့ မာရသွန်ပြိုင်ပွဲကို ပွဲစီစဉ်သူရောက်မလာ
- BVJ

- May 25, 2025
- 1 min read
BVJ/Moore _ မေ ၂၅ ၊ ၂၀၂၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပရာဝတ်ခရိုင် ဆွန်လောင်းရာမ ၉ ပန်းခြံမှာကျင်းပတဲ့ မာရသွန်အပြေးပြိုင်ပွဲကို ပွဲစီစဉ်သူရောက်မလာတာကြောင့် ပွဲပျက်ခဲ့ပြီး အပြေးပြိုင်ပွဲကိုရောက်ရှိနေသူတွေကလည်း ရဲတပ်ဖွဲ့ကို တိုင်ကြားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
Run for Destination အပြေးပြိုင်ပွဲအတွက် ရာနဲ့ချီတဲ့ အပြေးသမားတွေဟာ ဒီနေ့ မေလ ၂၅ ရက် တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ပြိုင်ပွဲစတင်မည့်နေရာကိုရောက်ရှိလာခဲ့ကြတာလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲစတင်မယ့်နေရာမှာ ယာယီတဲတွေ၊ ရွေ့လျားအိမ်သာ၊ ဆေးရုံကား၊ ဆေးဘက်အကူဝန်ထမ်းတွေနဲ့ ပြိုင်ပွဲကြေညာပေးသူတွေ ရောက်ရှိလာခဲ့ပေမဲ့ ပြိုင်ပွဲအတွက် အဓိကစီစဉ်သူကတော့ ရောက်မလာခဲ့ပါဘူး။
မာရသွန်အပြေးပြိုင်ပွဲကို တစ်ဦးချင်းအနေနဲ့ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ မိသားစုလိုက်ဖြစ်စေ ဝင်လျှောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်ကြေးအဖြစ် ဘတ် ၄၅၀ ကနေ ၁၅၀၀ ဘတ်အထိ ပေးသွင်းရတယ်လို့လည်း သိရပါတယ်။ ပြိုင်ပွဲဝင်သူတွေကို ပွဲစီစဉ်သူက ခရီးသွားကျောပိုးအိတ်၊ ဂျာစီ၊ စမတ်နာရီနဲ့ အားကစားဖိနပ်တွေပေးမယ်လို့လည်း ကနဦးက ကတိပြုပြောဆိုထားပါသေးတယ်။
အပြေးပြိုင်ပွဲကို ဒီနေ့ မနက် ၆ နာရီမှာ စတင်မှာဖြစ်ပေမဲ့ ပွဲစီစဉ်သူရောက်မလာတာကြောင့် ရုတ်ရုတ်သဲသဲ အခြေအနေဖြစ်ပေါ်ခဲ့ပြီး ပရာဝတ်ရဲတပ်ဖွဲ့က ပြိုင်ပွဲနေရာကို ရောက်လာချိန် အခြေအနေကို ထိန်းသိမ်းခဲ့ရတယ်လို့လည်း သိရပါတယ်။
ရဲတပ်ဖွဲ့က ပြိုင်ပွဲတာဝန်ရှိသူလို့ယူဆရသူ အမျိုးသမီးတစ်ဦးနဲ့ ပြိုင်ပွဲဝင်အချို့ကို စစ်ဆေးမေးမြန်းဖို့အတွက် ရဲစခန်းကို ခေါ်ဆောင်ချိန် ပြိုင်ပွဲဝင်ကစားသမားအများအပြားကလည်း အဲဒီအမျိုးသမီးကို အော်ဟစ်နှောင့်ယှက်မှုတွေလုပ်ဆောင်ခဲ့သလို ရဲကားပေါ်ရောက်နေတဲ့ အမျိုးသမီးကို ပြန်လည်ဆွဲခေါ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
အပြေးပြိုင်ပွဲနဲ့ပတ်သက်ပြီး လူမှုကွန်ရက် Facebook မှာ The Run Destination နာမည်နဲ့ Page ဖွင့်လှစ်ထားပြီး Follower ၆၂၀၀ ဝန်းကျင်အထိလည်းရှိနေပါတယ်။ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် ကြော်ငြာတွေကိုလည်း မနေ့ စနေနေ့ညပိုင်းအထိ ဖော်ပြခဲ့ပြီး ၁၀ ကီလိုမီတာ (၆ မိုင် ၂ ဖာလုံ) အပြေးပြိုင်ပွဲနဲ့ ၅ ကီလိုမီတာ (၃ မိုင် ၁ ဖာလုံ) အပြေးပြိုင်ပွဲတို့ကို ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း ရေးသားထားပါသေးတယ်။
ပြိုင်ပွဲကျင်းပရာ တာထွက်နေရာဆိုင်းဘုတ်မှာ အင်္ဂလိပ်ဘာသာနဲ့ Run For Destination 2025 လို့ ရေးသားထားပြီး ပြိုင်ပွဲကျင်းပတဲ့ရက်စွဲကိုတော့ စာလုံးအသေးနဲ့ "Sunday 28th May 2028" လို့ ရေးသားထားပါတယ်။ ဒါပေမဲ့ Run Destination Facebook Page မှာဖော်ပြထားတဲ့ ရက်စွဲက Sunday, May 25, 2025 လို့ ဖော်ပြထားတာကြောင့် ပြိုင်ပွဲဟာ လိမ်လည်မှုတစ်ခုဖြစ်နိုင်တယ်လို့လည်း ရဲတပ်ဖွဲ့က ယူဆထားကြပါတယ်။
Ref: Bangkok Post










Comments