အီရန်ရဲ့ နူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ သန်း ၂၀ ဆုကြေးငွေပေးမယ်ဟုဆို

သူရ/BVJ - နိုဝင်ဘာ ၈၊ ၂၀၂၆

အီရန်နိုင်ငံရဲ့ နူကလီးယားအစီအစဉ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုပေးနိုင်မယ့်သူကို အမေရိကန် ဒေါ်လာ သန်း ၂၀ အထိ ဆုကြေးငွေပေးအပ်သွားမယ်လို့ အမေရိကန်နိုင်ငံကကြေညာလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ "တရားမျှတမှုအတွက် ဆုကြေးငွေများ" (Rewards for Justice) အစီအစဉ်အရ အဲဒီလို သတင်းအချက်အလက်တွေလာရောက်ပေးပို့သူကို လုံခြုံရာနေရာဆီ ပြောင်းရွှေ့နေရာချထားပေးဖို့ပါ ကမ်းလှမ်းထားပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ နူကလီးယား စက်ရုံတွေဟာ "လုံးဝ လုံးဝ ပျက်စီးသွားခဲ့ပြီ" လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့နှစ်ကပြောကြားခဲ့ဖူးပါတယ်။
အီရန်ဘက်ကတော့ သူတို့ရဲ့ နူကလီးယားအစီအစဉ်ဟာ ငြိမ်းချမ်းရေးအတွက်ဖြစ်ပြီး နူကလီးယားလက်နက်ထုတ်လုပ်ဖို့ ရည်ရွယ်ချက်လုံးဝ မရှိကြောင်း အခိုင်အမာပြောဆိုနေဆဲဖြစ်ပါတယ်။
တဖက်မှာလည်း အီရန်နိုင်ငံရဲ့နယ်စပ်ဖြတ်ကျော် လက်နက်နဲ့ပိတ်ဆို့ခံထားရတဲ့ပစ္စည်းတွေသယ်ယူပို့ဆောင်မှုကိုဟန့်တားဖို့ ဝါရှင်တန်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပိုမို အားကောင်းလာစေဖို့ လုပ်ငန်းအဖွဲ့ (Task Force) တစ်ခုဖွဲ့စည်းနေတယ်လို့ အမေရိကန်စစ်တပ်ကပြောပါတယ်။
အမေရိကန် စစ်ဌာနချုပ် (Centcom) ရဲ့ပြောကြားချက်အရ "အိုင်းရွန်ဂိတ်လုပ်ငန်းအဖွဲ့" (Task Force Iron Gate) ဟာ ဖလော်ရီဒါပြည်နယ်၊ တမ်ပါမြို့ကနေ လည်ပတ်မှာဖြစ်ပြီး အမေရိကန် အစိုးရရဲ့ အခြားသော ဌာနဆိုင်ရာတွေနဲ့ပါ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။
လက်နက်ရွေ့လျားသယ်ဆောင်မှုတွေအပြင် နှစ်မျိုးသုံး (dual-use) ပစ္စည်းတွေနဲ့ တရားမဝင် ဝင်ငွေလမ်းကြောင်းတွေကိုလည်း အဓိကထား စောင့်ကြည့်သွားမှာဖြစ်ပါတယ်။
အီရန်ဆိပ်ကမ်းတွေကို ရေတပ်နဲ့ပိတ်ဆို့ထားမှုတွေကြောင့် အီရန်နိုင်ငံအနေနဲ့ ရေနံစိမ်းတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံကျော် ဆုံးရှုံးခဲ့ရတယ်လို့ Centcom က ခန့်မှန်းထားပါတယ်။
သန်းပေါင်းများစွာသော ဆုကြေးငွေနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ "စက်ရုံများ၊ ပစ္စည်းကိရိယာများနှင့် သက်ဆိုင်ရာဝန်ထမ်းများ" အပါအဝင် အီရန်ရဲ့ နူကလီးယား အစီအစဉ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေအတွက် အခုလို ငွေကြေးဆုချီးမြှင့်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ အကာအကွယ်ပေးရေး တာဝန်ဝတ္တရားတွေကို အီရန်ဘက်ကလိုက်နာမှု မရှိတာကြောင့် နူကလီးယား ပစ္စည်းအစိတ်အပိုင်းတွေ (စင်ထရီဖျူ့ စတဲ့ အဓိက ပစ္စည်းတွေ)ရဲ့ထုတ်လုပ်မှုနဲ့ပတ်သက်လို့ အေဂျင်စီအနေနဲ့ အချက်အလက်ဆက်စပ်မှုကို ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။
စင်ထရီဖျူ့ (Centrifuges) တွေဟာသန့်စင်ပြီး ယူရေနီယံတွေ ထုတ်လုပ်ရာမှာ လိုအပ်တာဖြစ်ပြီး အဲဒီ ယူရေနီယံတွေကို အရပ်ဘက်သုံး ရီအက်တာလောင်စာဆီအဖြစ်သုံးနိုင်သလို၊ ၉၀ ရာခိုင်နှုန်းနဲ့ အထက် ပိုမိုသန့်စင်အောင် လုပ်ဆောင်ရင်တော့ နူကလီးယား လက်နက်တွေ ထုတ်လုပ်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲတွေအပြီးမှာ အမေရိကန်အနေနဲ့ အီရန်နိုင်ငံအပေါ် အဓိကကျတဲ့တိုက်ခိုက်မှုတွေကို ပြန်လည်စတင်နိုင်ခြေရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေထွက်ပေါ်နေခဲ့ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမတိုင်မီ သတင်းထောက်တွေနဲ့တွေ့ဆုံစဉ်မှာတော့ သမ္မတ ထရမ့်က အဲဒီလိုလုပ်ဖို့ "အရေးတကြီး မလိုသေးဘူး" လို့ ပြောကြားခဲ့ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် တစ်ညအလို Fox News သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာလည်း သမ္မတက အီရန်ရဲ့ နူကလီးယား အစီအစဉ်နဲ့ဆက်စပ်နေတဲ့မြေအောက်နေရာတစ်ခုဖြစ်တဲ့ "ပစ်ကတ်စ် (တောင်)" (Pickaxe Mountain) ကို အမေရိကန်အနေနဲ့ "တိုက်ခိုက်ရမယ့် အနေအထားရှိနိုင်တယ်"လို့ပြောခဲ့ပါသေးတယ်။
ဒါဟာ "ကြီးကြီးမားမား ကိစ္စမဟုတ်ဘဲ" "တစ်နာရီအတွင်း" လုပ်ဆောင်နိုင်တဲ့ကိစ္စဖြစ်တယ်လို့လည်း သမ္မတထရမ့်ကဆိုပါတယ်။
သမ္မတအနေနဲ့ အခုလိုသံသယရှိစရာ မြေအောက်နေရာတွေကိုဗုံးကြဲမယ်လို့ အရင်ကလည်းအကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ ဒီတစ်ပတ်ကျင်းပခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲအပေါ် လူထုရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် သူတို့ရဲ့ ရီပတ်ဘလစ်ကန် ပါတီအနေနဲ့ အထိနာခဲ့ရတယ်လို့ သမ္မတ ထရမ့်နဲ့ ဒုသမ္မတ (JD Vance) တို့က ပြောဆိုခဲ့ကြတာကြောင့် အိမ်ဖြူတော်အနေနဲ့ ပဋိပက္ခကိုဆက်ပြီးမကြီးထွားစေတော့ဘူးလို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။
သောကြာနေ့မှာတော့ သမ္မတ ထရမ့်က အီရန်အနေနဲ့ အမေရိကန်နဲ့ ဖြစ်ပွားနေတဲ့ ၈ လကြာ ပဋိပက္ခကိုအဆုံးသတ်ဖို့စိတ်အားထက်သန်နေကြောင်း၊ တီဟီရန်ရဲ့ စီးပွားရေးနဲ့ စစ်ရေးဆိုင်ရာထိခိုက်ပျက်စီးမှုတွေကို အလေးပေးပြောဆိုခဲ့ပါတယ်။
"ကျနော်တို့ သူတို့နဲ့အခုဆက်သွယ်ဆောင်ရွက်နေပါပြီ။ သူတို့ကလည်း အပေးအယူလုပ်ဖို့ အရမ်းလိုလားနေကြပါတယ်" လို့ သူက ပြောပါတယ်။
ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ အင်္ဂါနေ့မှာ နှစ်ဖက်စလုံးအနေနဲ့ "ကျနော်တို့ တင်ပြထားတဲ့ အကြံဥာဏ်နဲ့ အဆိုပြုချက်တွေကို ပြန်လည် သုံးသပ်နေကြဆဲဖြစ်ပြီး" သဘောတူညီချက်တစ်ခု ရရှိလာမယ်လို့ ဆက်လက် မျှော်လင့်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်ဘက်ကချမှတ်ထားတဲ့ အချက် ၇ ချက်ကို ဖြည့်ဆည်းပေးလိုက်တာနဲ့ နှစ်ရက်အတွင်း ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးဖို့အဆိုပြုချက်ကို အီရန်ဆွေးနွေးညှိနှိုင်းသူတွေက ကြားဝင်စေ့စပ်သူတွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်နဲ့အီရန်တို့ဟာစစ်ပွဲကိုအဆုံးသတ်ပြီး ရေလက်ကြားကို ပြန်ဖွင့်ဖို့ ဇွန်လတုန်းက ကာလတိုအကြိုသဘောတူညီချက်တစ်ခုရရှိခဲ့ဖူးပေမဲ့ သဘောတူညီချက်ရပြီး ရက်သတ္တပတ်အနည်းငယ်အအတွင်းမှာပဲ သင်္ဘောတွေအပေါ် အီရန်ဘက်က တိုက်ခိုက်မှုတွေပြန်ဖြစ်လာတာကြောင့် အမေရိကန်ကပိတ်ဆို့မှုတွေကို ပြန်လည်ကျင့်သုံးခဲ့တဲ့အတွက် အဲဒီ သဘောတူညီချက်ပျက်ပြားသွားခဲ့ပါတယ်။
ခရက်ဒစ် - ဘီဘီစီ




Comments