ဒေါ်အောင်ဆန်းစုကြည်တို့သားအမိကို ဖုန်းပြောခွင့်ပြုတဲ့စစ်အုပ်စုကို ဦးလှဆွေလွှတ်တော်မှာဝေဖန်

ယူဂရင်း/BVJ_နိုဝင်ဘာ ၆၊ ၂၀၂၆

နေပြည်တော်မှာအကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်စုးကြည်နဲ့ သားဖြစ်သူတို့ကို စစ်အုပ်စုကဖုန်းပြောခွင့်ပေးခဲ့တာနဲ့ပတ်သက်ပြီး ကြံခိုင်ရေးပါတီ-USDPရဲ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးလှဆွေက မနေ့က နိုဝင်ဘာ ၅ရက်မှာကျင်းပတဲ့ စစ်အုပ်စုရဲ့ပြည်ထောင်စုလွှတ်တော်မှာ ထည့်သွင်းဆွေးနွေးလိုက်ပါတယ်။
“ဒေါ်စုကြည်ကဖုန်းဆက်လို့ရပြီးတော့ ကျန်တဲ့အကျဉ်းသားတွေက ဖုန်းဆက်ခွင့်မရဘူးဆိုရင် ကော်မရှင်ကထောက်ပြသင့်တယ်လို့ ကျနော်ဆွေးနွေးချင်ပါတယ်” လို့ ဦးလှဆွေက လွှတ်တော်မှာပြောခဲ့တာပါ။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့အစီရင်ခံစာနဲ့ပတ်သက်ပြီး ဆွေးနွေးကြချိန်မှာ ဦးလှဆွေက ဒေါ်အောင်ဆန်းစုကြည်နဲ့သားဖြစ်သူဖုန်းပြောခွင့်ရတဲ့အပေါ် ထည့်သွင်းဆွေးနွေးသွားတာပါ။
အခုလို ဖုန်းပြောခွင့်ပြုလိုက်တာဟာ လက်ရှိအကျဉ်းထောင်လက်စွဲပါပြဋ္ဌာန်းချက်နဲ့မညီဘဲ တစ်ယောက်ကိုသာခွင့်ပြုပြီး အခြားအကျဉ်းသားတွေကိုခွင့်မပြုပါက တန်းတူညီမျှမှုမရှိဘူးဆိုပြီးလည်း ဦးလှဆွေကထောက်ပြခဲ့ပါတယ်။

ကုလသမဂ္ဂက ၂၀၁၅ ခုနှစ်မှာအတည်ပြုခဲ့တဲ့ အကျဉ်းသားတွေကို ဆက်ဆံရေးဆိုင်ရာ အနည်းဆုံးစံနှုန်းစည်းမျဉ်းတွေဖြစ်တဲ့ နယ်လ်ဆင်မင်ဒဲလားစည်းမျဉ်း (Nelson Mandela Rules)ဟာ အကျဉ်းသားတွေကို မိသားစုနဲ့တွေ့ဆုံခွင့်၊ ဖုန်းဆက်သွယ်ခွင့်နဲ့ အခြားနည်းလမ်းတွေနဲ့ ဆက်သွယ်ခွင့်ပေးသင့်ကြောင်းနဲ့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် အဲ့ဒီစည်းမျဉ်းတွေကို လိုက်နာသင့်ကြောင်းနဲ့ ကမ္ဘာမှာ နိုင်ငံ ၁၀ ခုခန့်သာ အကျဉ်းသားတွေကိုဖုန်းပြောခွင့်မပြုတာရှိတော့တယ်လို့ ဦးလှဆွေကပြောခဲ့တာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်အုပ်စုဟာ ငါးနှစ်ကျော်ကြာဖမ်းဆီးထိန်းသိမ်းထားချိန်မှာ မိသားစုနဲ့ဆက်သွယ်ခွင့်မပေးခဲ့ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့တည်နေရာကိုတောင် အသိမပေးခဲ့ပါဘူး။ ဒါကြောင့် မိသားစုနဲ့ဆက်သွယ်ခွင့်ပြုဖို့နဲ့လွှတ်ပေးဖို့ကို ဒေါ်အောင်ဆန်းစုကြည်သားအငယ်ဖြစ်သူ ကင်အဲရစ်(ခ)ကိုထိန်လင်း အပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေက တောက်လျောက်တောင်းဆိုခဲ့ကြရပါတယ်။
အဲ့ဒီနောက် ဗြိတိန် ချားလ်စ်ဘုရင်ကြီးက ထိန်းသိမ်းခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်ထံ စာအုပ်လက်ဆောင်ပေးပို့ပြီးရက်ပိုင်းအတွင်းမှာပဲ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကင်တို့ကို ၂၀၂၆၊အောက်တိုဘာ ၂၂ ရက်မှာ လန်ဒန်မြို့ရှိ မြန်မာသံရုံးကတဆင့် မိနစ်နှစ်ဆယ်ခန့်ကြာ တယ်လီဖုန်းဆက်သွယ်ပြောခွင့်ပြုခဲ့တာဖြစ်ပါတယ်။




Comments