ပြည်သူ့ဆေးရုံဗုံးကြဲခံရပြီး CDMဆရာဝန်နဲ့ ဆေးတက္ကသိုလ်တက်ဖို့လျောက်ထားတဲ့ မောင်ထက်သူအောင်တို့ကျဆုံးမှု NUGအတည်ပြု၊

စိန်ခေါ်မှုရှိနေပေမယ့်ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဆက်လုပ်မယ်လို့ ကြေညာ
မိုနာ/BVJ_နိုဝင်ဘာ ၆၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်အရှေ့ခြမ်း လျှော်ဖြူကုန်းကျေးရွာရှိ NUGရဲ့ပြည်သူ့ဆေးရုံကို နိုဝင်ဘာ ၄ရက်ညပိုင်းမှာ စစ်အုပ်စုကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် CDMဆရာဝန်နဲ့ ဆေးတက္ကသိုလ်တက်ဖို့လျောက်ထားဆဲ ကျန်းမာရေးဝန်ထမ်းတို့ကျဆုံးခဲ့ရတယ်လို့ NUGကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ နိုဝင်ဘာ ၆ရက်မှာ အတည်ပြုထုတ်ပြန်ပါတယ်။
ဗုံးကြဲမှုအတွင်း ကျဆုံးခဲ့ရသူနှစ်ဦးဟာ အသက် (၃၈)နှစ်အရွယ် CDMဆရာဝန် ဒေါက်တာဇာနည်ထွန်း(ခ)ဆရာပွကြီးနဲ့ ၁၂တန်းအောင်မြင်ပြီး ဆေးတက္ကသိုလ်တက်ဖို့လျှောက်ထားဆဲဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်း အသက် (၁၉)နှစ်အရွယ် မောင်ထက်သူအောင်တို့ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်း ၅ ဦးလည်းထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ လက်ရှိ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာတွေကြောင့် ကျန်းမာရေးဝန်ထမ်း ၁၇၆ ဦး သတ်ဖြတ်ခံခဲ့ရသလို ၉၉၅ ဦးဖမ်းဆီးခံခဲ့ရကြောင်းနဲ့ တိုက်ခိုက်မှုအတွင်း ဆေးရုံ၊ဆေးခန်း၊အဆောက်အဦ ၅၂၁ လုံးပျက်စီးခဲ့ပြီလို့ NUGရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
စစ်အုပ်စုတပ်အနေနဲ့ ကျန်းမာရေးကဏ္ဍဆိုင်ရာတွေအပေါ် အခုလိုပစ်မှတ်ထားတိုက်ခိုက်နေတာတွေဟာ ဂျီနီဗာကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနဲ့ လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်တယ်လို့ NUG ကပြောထားပါတယ်။

ဒါပေမယ့် အခုလို အခက်အခဲ၊စိန်ခေါ်မှုတွေရှိနေပေမယ့်လည်း NUGကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျန်းမာရေးဝန်ထမ်း သူရဲကောင်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒေသခံအဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့လက်တွဲပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကြေညာပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့အခုလိုတိုက်ခိုက်မှုတွေကိုရှုတ်ချပြီး ကျဆုံးခဲ့သူတွေရဲ့မိသားစုတွေနဲ့ထပ်တူဝမ်းနည်းကြောင်းနဲ့ တိုက်ခိုက်မှုတွေအတွက် တရားမျှတမှုတွေကိုဆောင်ကျဉ်းကာ အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ စစ်အုပ်စုလက်ပါးစေကြံရာပါတွေကို တရားဥပဒေအရပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ NUGကပြောထားပါတယ်။
နိုင်ငံတကာအနေနဲ့လည်း ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေဘက်ကစာနာရပ်တည်ပေးဖို့လိုအပ်ပြီး မြန်မာပြည်တွင်း ကျန်းမာရေးကဏ္ဍအပါအဝင် အပြစ်မဲ့ပြည်သူတွေအပေါ် ပစ်မှတ်ထားနေတဲ့ စစ်အုပ်စုရဲ့ တိုက်ခိုက်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုလျစ်လျှူရှုမထားဘဲ ဖြစ်နိုင်သမျှနည်းလမ်းတွေအသုံးပြုပြီး ထိရောက်မြန်ဆန်စွာ တားဆီးအရေးယူပေးဖို့ကိုလည်း NUGကတိုက်တွန်းထားပါတယ်။



Comments