သမ္မတဦးဝင်းမြင့် အမှန်တကယ်လွတ်မြောက်မှုမရှိသေးဘူးလို့ ဂျာမနီသံရုံးအကြီးအကဲပြောလာ

မိုနာ/BVJ_နိုဝင်ဘာ ၈၊ ၂၀၂၆

အခုနှစ် ဧပြီလအတွင်းက အာဏာသိမ်းစစ်အုပ်စုကပြန်လွှတ်ပေးခဲ့တယ်လို့ ကြေညာထားတဲ့သမ္မတဦးဝင်းမြင့်ဟာ အမှန်တကယ်လွတ်လပ်မှုမရှိသေးဘူးလို့ ရန်ကုန် ဂျာမနီသံရုံးအကြီးအကဲ Mathias Licharzက ဒီနေ့ နိုဝင်ဘာ ၈ရက်မှာပြောလာပါတယ်။
ဒီနေ့ဟာ သမ္မတဦးဝင်းမြင့်ရဲ့ (၇၅)နှစ်ပြည့်မွေးနေ့ဖြစ်ပြီး မွေးနေ့ဆုတောင်းပေးရင်းနဲ့ ရန်ကုန်ကဦးဝင်းမြင့်ရဲ့နေအိမ်ရှေ့မှာ အခုလိုထုတ်ပြောလာတာပါ။
ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့တရားဝင်သမ္မတအဖြစ် နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးက ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ်ကြောင်းကိုလည်း ဂျာမနီသံရုံးအကြီးအကဲက အတည်ပြုပြောပါတယ်။
ဂျာမနီသံရုံးအနေနဲ့ သမ္မတဦးဝင်းမြင့်ကိုပြန်လွှတ်ပေးခဲ့တယ်ဆိုတဲ့ စစ်အုပ်စုရဲ့ကြေညာချက်ကိုကြိုဆိုခဲ့ကြောင်းနဲ့ လွတ်မြောက်လာတဲ့ဦးဝင်းမြင့်နဲ့တွေ့ဆုံဖို့ကြိုးစားခဲ့ပြီး နေပြည်တော်ဘက်ကခွင့်ပြုချက်တင်ဖို့လိုတယ်ဆိုတာကြောင့်တင်ခဲ့ပေမယ့် အခု ခြောက်လကျော်ကြာတဲ့အထိ တွေ့ဆုံခွင့် ခွင့်ပြုချက်မရသေးဘူးလို့ ဂျာမနီသံရုံးအကြီးအကဲက ပြောပါတယ်။
"ဒီအခြေအနေက ကောက်ချက်ချနိုင်တာတခုပဲရှိပါတယ်။ ဦးဝင်းမြင့်ဟာ အမှန်တကယ်လွတ်လပ်မှုမရှိသေးပါဘူး။ သူတွေ့ချင်တဲ့သူနဲ့လွတ်လပ်စွာတွေ့ဆုံခွင့်မရှိသလို အခြားသူတွေနဲ့လည်းလွတ်လပ်စွာ ဆက်သွယ်ခွင့်မရှိပါဘူး" လို့ ဂျာမနီသံရုံးအကြီးအကဲက ပြောပါတယ်။

ဒါကြောင့် ဦးဝင်းမြင့်ရဲ့လွတ်လပ်မှုနဲ့ အကန့်အသတ်တွေအပေါ် ဂျာမနီသံရုံးအနေနဲ့ စိုးရိမ်ပူပန်မှုတွေဆက်လက်ရှိနေကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံး ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ကိုလည်း ဂျာမနီနိုင်ငံက ထပ်မံတောင်းဆိုလာပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအဆုံးသတ်နိုင်ရေးအတွက် အမှန်တကယ်အဓိပ္ပါယ်ရှိပြီးရိုးသားပွင့်လင်းတဲ့ တွေ့ဆုံဆွေးနွေးမှုတွေစတင်လုပ်ဆောင်ကြဖို့ကိုလည်း ဂျာမနီနိုင်ငံက ဆက်လက်တိုက်တွန်းလိုက်ပါတယ်။
စစ်တပ်အာဏာသိမ်း ၂၀၂၁ခုနှစ်ထဲကဖမ်းဆီးခံခဲ့ရတဲ့ သမ္မတဦးဝင်းမြင့်ကို ဒီနှစ် ၂၀၂၆၊ဧပြီလမှာပြန်လွှတ်ပေးခဲ့တယ်ကြေညာခဲ့ပေမယ့် သမ္မတဦးဝင်းမြင့်ဟာ လူမြင်ကွင်းကနေပျောက်ကွယ်နေဆဲဖြစ်ပြီး စစ်အုပ်စုကနေအိမ်အကျယ်ချုပ်ပုံစံဆက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။




Comments