ကျူးဘားခေါင်းဆောင်ဟောင်းအပေါ် တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ရုရှားနဲ့တရုတ်က အမေရိကန်ကိုကန့်ကွက်ရှုတ်ချ
- BVJ

- May 22
- 1 min read
အေတီ/BVJ_မေ ၂၂၊ ၂၀၂၆

ကျူးဘားခေါင်းဆောင်ဟောင်း ရာအူးလ် ကက်စထရို (Raúl Castro)ကို လူသတ်မှုနဲ့ အမေရိကန်ပြည်ထောင်စုကတရားစွဲဆိုလိုက်ခြင်းအပေါ် ရုရှားနဲ့ တရုတ်အစိုးရက အပြင်းအထန်ကန့်ကွက်ခဲ့ကြပါတယ်။
အမေရိကန်အနေနဲ့ "အတင်းအဓမ္မ ဖိအားပေးတာတွေ"နဲ့ "ခြိမ်းခြောက်တာတွေ"လုပ်နေတာကိုရပ်တန့်ဖို့နဲ့ ကျူးဘားကိုပြင်ပအင်အားစုတွေက ဖိအားပေးဖို့ကြိုးပမ်းမှုတွေကိုကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂိုကျီကွန်း(Guo Jiakun)ကပြောပါတယ်။
အမေရိကန်ရဲ့ ဖိအားပေးမှုတွေက "အကြမ်းဖက်မှုနဲ့နီးစပ်နေပြီး" လက်ခံနိုင်ဖွယ်မရှိကြောင်း ရုရှားသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov)ကလည်းပြောပါတယ်။ လက်ရှိနိုင်ငံခေါင်းဆောင်တွေ နိုင်ငံအကြီးအကဲဟောင်းတွေကအပေါ် အဲ့ဒီနည်းလမ်းတွေမသုံးသင့်ကြောင်း ရုရှားကရှုံ့ချထားပါတယ်။
၁၉၉၆ခုနှစ်မှာ ကျူးဘားနဲ့ဖလော်ရီဒါကြားပျံသန်းနေတဲ့ Brothers to the Rescueအဖွဲ့ပိုင် လေယာဉ်နှစ်စင်းကိုပစ်ချခဲ့မှုမှာပါဝင်ပတ်သက်တယ်ဆိုပြီး ရာအူးလ် ကက်စထရိုနဲ့အခြား ၅ ဦးကို အမေရိကန်အစိုးရကတရားစွဲဆိုထားပါတယ်။ အဲ့ဒီဖြစ်စဉ်အတွင်း အမေရိကန်နိုင်ငံသား ၃ ဦးအပါအဝင် လူ ၄ ဦး သေဆုံးခဲ့ပြီး အဲ့ဒီအချိန်မှာရာအူးလ် ကက်စထရိုက ကျူး ဘားလက်နက်ကိုင်တပ်ဖွဲ့တွေကိုဦးဆောင်နေသူဖြစ်ပါတယ်။
လက်ရှိ ကျူးဘားသမ္မတ မီဂွယ် ဒီယက်ဇ်-ကာနယ် (Miguel Díaz-Canel)က အမေရိကန်ရဲ့အခုတရားစွဲဆိုမှုဟာ တရားဥပဒေအခြေခံမရှိဘဲ နိုင်ငံရေးအရ အကွက်ချလုပ်ဆောင်ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။အမေရိကန်အနေနဲ့ကျူးဘားအပေါ် ဘယ်လိုစစ်ရေးလှုပ်ရှားမှုမျိုးဖြစ်ဖြစ်ပြုလုပ်လာပါက ဒေသတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအတွက်ခန့်မှန်းလို့မရနိုင်တဲ့ အကျိုးဆက်တွေဖြစ်ပေါ်လာစေမယ့် "သွေးချောင်းစီးမှု" အဖြစ်ရောက်ရှိသွားမှာဖြစ်ကြောင်း တနင်္လာနေ့ကပြောထားပါတယ်။
သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်အစိုးရအဖွဲ့ဟာ ကျူးဘားအပေါ် စီးပွားရေးပိတ်ဆို့မှုတွေတိုးမြှင့်တာ၊ ရေနံတင်သွင်းမှုတွေပိတ်ပင်တာနဲ့ အစိုးရအဖွဲ့ဝင်တွေပိတ်ဆို့မှုတွေပြုလုပ်ပြီး ကျူးဘားကိုဖိအားပေးနေပါတယ်။အရင်ကကျူးဘားကိုကူညီပေးနေတဲ့ ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုကို အမေရိကန်ကဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက်ပိုင်း ကျူးဘားအပေါ် ဖိအားပေးမှုတွေ ပိုလုပ်လာတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio)က ရာအူးလ် ကက်စထရိုကို ဘယ်လိုဖမ်းဆီးခေါ်ဆောင်လာမယ်ဆိုတာထုတ်ပြောထားတာမရှိပေမယ့် အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာပါက အင်အားသုံးဖို့ဝန်မလေးကြောင်း အရိပ်အမြွက်ထုတ်ပြောထားပါတယ်။
လက်ရှိမှာ ကျူးဘားနိုင်ငံဟာအမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် လျှပ် စစ်မီးပြတ်တောက်မှုတွေ၊ အစားအစာလိုအပ်ချက်တွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။




Comments