အာဆီယံအထူးကိုယ်စားလှယ်ရဲ့ခရီးစဥ်ဟာ ဘုံသဘောတူညီချက် ၅ ချက်အတိုင်းလုပ်ဆောင်နေတာလို့ ဖိလစ်ပိုင် အစိုးရကပြော

အေတီ/BVJ_ အောက်တိုဘာ ၂၉၊၂၀၂၆

အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာထရီဆာ လာဇာရို (Ma. Theresa Lazaro) ဦးဆောင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေးခရီးစဉ်ဟာ အာဆီယံအဖွဲ့ကြီးအနေနဲ့ ဘုံသဘောတူညီချက် ၅ ချက် (5PC) အောက်မှာ စုပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ ဖိလစ်ပိုင်ထိပ်တန်း သံတမန်တစ်ဦးက ဒီနေ့ ကြာသပတေးနေ့မှာပြောကြားလိုက်ပါတယ်။
လတ်တလောမြန်မာပြည်မှာရောက်နေတဲ့ လာဇာရိုရဲ့ခရီးစဉ်နဲ့ပတ်သက်လို့ အာဆီယံဥက္ကဋ္ဌအနေနဲ့ ဘယ်လိုသတင်းစကားမျိုးပါးချင်တာလဲလို့ Philippine News Agency ကမေးမြန်းရာမှာ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန (DFA) ရဲ့ မူဝါဒဆိုင်ရာ ဒုတိယဝန်ကြီး လီယို ဟာရာရာ-လင်း (Leo Herrera-Lim) က အခုလိုပြောဆိုခဲ့တာပါ။
"ဒါဟာ ကျွန်တော်တို့အနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်အတိုင်း ဆက်လက်လုပ်ဆောင်နေတယ်ဆိုတာကို ပြသနေတာပါ။ မူ ၅ ချက်ရဲ့ အဓိကအစိတ်အပိုင်းတစ်ခုက လူသားချင်းစာနာမှုအကူအညီတွေ ပြည်သူတွေဆီရောက်ရှိဖို့ဖြစ်ပါတယ်။ ဒါကြောင့် ဒါဟာဖိလစ်ပိုင်တစ်နိုင်ငံတည်းရဲ့ဦးစားပေးမဟုတ်ပါဘူး၊ အာဆီယံတစ်ခုလုံးရဲ့ ဦးစားပေးပါ" လို့ သူကပြောပါတယ်။
ဘုံသဘောတူညီချက် ၅ ချက် (5PC) ဆိုတာဟာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ အပြုသဘောဆောင်တဲ့ဆွေးနွေးပွဲတွေပြုလုပ်ဖို့နဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီတွေပေးအပ်နိုင်ရေးအတွက် လိုအပ်တဲ့ဝန်းကျင်ကောင်းတစ်ခုဖန်တီးပေးဖို့ ၂၀၂၁ ခုနှစ်မှာ အာဆီယံခေါင်းဆောင်တွေ သဘောတူချမှတ်ခဲ့ကြတဲ့ငြိမ်းချမ်းရေး လမ်းပြမြေပုံဖြစ်ပါတယ်။
လာဇရိုဟာ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အနေနဲ့ ဗုဒ္ဓဟူးနေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့ဆီသွားရောက်ခဲ့တဲ့ အာဆီယံ စောင့်ကြည့်လေ့လာရေးအဖွဲ့ ခရီးစဉ်ကိုဦးဆောင်ခဲ့ပြီး ဒေသတွင်း စစ်ဘေးရှောင်ပြည်သူတွေကို ဆန်အိတ်တွေ၊ မိသားစုသုံးပစ္စည်းတွေနဲ့တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေကိုဖြန့်ဝေပေးခဲ့ပါတယ်။
ဒီခရီးစဉ်ဟာ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အိမ်ထောင်စုပေါင်း ၁၁,၀၀၀ ကျော်ဆီရောက်ရှိမယ့် တစ်လကြာလူသားချင်းစာနာမှု ကူညီရေးလုပ်ငန်းစဉ်ရဲ့စတင်မှုလည်းဖြစ်ပါတယ်။ အထူးသဖြင့် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (AHA Centre)က အရင်ကမရောက်ရှိနိုင်ခဲ့တဲ့ဒေသတွေကို အဓိကထားကူညီပေးသွားမှာဖြစ်ပါတယ်။
လာမယ့်နိုဝင်ဘာလမှာ မနီလာမှာကျင်းပတော့မယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေအနေနဲ့ 5PC အကောင်အထည်ဖော်မှုနဲ့ပတ်သက်ပြီး နိုဝင်ဘာလမှာဆုံးဖြတ်ချက်တစ်ခုထုတ်ပြန်သွားမယ်လို့ DFA ကအစောပိုင်းမှာပြောကြားထားပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံခေါင်းဆောင်တွေဟာ အာဆီယံအစည်းအဝေးတွေမှာ မြန်မာနိုင်ငံဘက်က နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တွေကိုပဲတက်ရောက်ခွင့်ပြုဖို့ ကန့်သတ်ထားခဲ့တာဖြစ်ပါတယ်။
ခရက်ဒစ် - Philippine News Agency




Comments