မင်းအောင်လှိုင်စစ်အုပ်စုကို လက်နက်မရောင်းဘူးဆိုတာသက်သေပြပေးဖို့ တရုတ်ကို ကုလအထူးကိုယ်စားလှယ်တောင်းဆို

အေတီ/BVJ_ အောက်တိုဘာ ၃၀၊ ၂၀၂၆

အခုအောက်တိုဘာ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာကျင်းပခဲ့တဲ့ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီရဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကယ်လီ ကာရီ (Kelley Currie) က သူမရဲ့ ပထမဆုံးလူ့အခွင့်အရေးအစီရင်ခံစာကို တင်သွင်းခဲ့ပါတယ်။
အဲဒီလိုတင်သွင်းချိန်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သမ္မတသက်တမ်း ရက် ၁၀၀ အတွင်း စစ်အုပ်စုဟာ သူတို့ကိုဆန့်ကျင်သူတွေကို နှိမ်နင်းဖို့ တရုတ်နဲ့ရုရှားမဟာမိတ်တွေဆီကရထားတဲ့ ဖိနှိပ်ရေးနဲ့စောင့်ကြည့်ရေးနည်းပညာသစ်တွေကိုအသုံးပြုခဲ့တယ်လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
အဲ့ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး တရုတ်သံအမတ်ကတော့ အထူးအစီရင်ခံစာတင်သွင်းသူပြောကြားခဲ့တဲ့ တရုတ်နိုင်ငံဆိုင်ရာသတင်းအချက်အလက်တွေကိုကန့်ကွက်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ဒီစွပ်စွဲချက်တွေဟာ အချက်အလက်အခြေခံမရှိသလို၊ ဒီကိစ္စနဲ့ပတ်သက်လို့လည်း တရုတ်နိုင်ငံဘက်က အကြိမ်ကြိမ်ရှင်းလင်းပြောကြားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အထူးအစီရင်ခံစာတင်သွင်းသူအနေနဲ့ မိမိရဲ့ လုပ်ပိုင်ခွင့်အာဏာ စည်းမျဉ်းတွေအတိုင်း ဘက်မလိုက်ဘဲတရားမျှတစွာ တာဝန်ထမ်းဆောင်သွားဖို့မျှော်လင့်ကြောင်းနဲ့ ဒီလုပ်ငန်းစဉ်ရဲ့ ယုံကြည်စိတ်ချရမှုကို မထိခိုက်စေဖို့အတွက် ဘက်လိုက်ထားတဲ့ ပြောဆိုချက်တွေကိုမယုံကြည်ကြဖို့၊ လူထုကိုအထင်အမြင်မမှားစေဖို့နဲ့ အတည်မပြုရသေးတဲ့ သတင်းအချက်အလက်တွေကိုဖြန့်ဝေတာမျိုးမလုပ်ဖို့ဆိုပြီး တရုတ်သံအမတ်က အဲဒီအစည်းအဝေးမှာတောင်းဆိုခဲ့တာပါ။

တရုတ်သံအမတ်ရဲ့ပြောကြားချက်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကယ်လီ ကာရီက အဲဒီအစည်းအဝေးမှာပဲ တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီကိုလက်နက်တွေ မရောင်းချဘူး စီးပွားရေးနဲ့နိုင်ငံရေးအရ အကူအညီပေးနေတာမရှိပါဘူးဆိုတာကိုငြင်းဆိုနိုင်မယ့် အချက်အလက်အသစ်တွေပေးပို့ပေးဖို့ အခုလို ပြန်လည်ချေပတောင်းဆိုခဲ့ပါတယ်။
"နောက်ဆုံးအနေနဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့က ကျွန်မအနေနဲ့သူတို့အပေါ် အထောက်အထားမရှိဘဲ စွပ်စွဲခဲ့တယ်လို့ပြောသွားတာနဲ့ ပတ်သက်လို့ တရုတ်သံရုံးအနေနဲ့ မင်းအောင်လှိုင်ရဲ့စစ်ကောင်စီကို လက်နက်တွေမရောင်းချပါဘူး၊ ဒါမှမဟုတ် စီးပွားရေးနဲ့နိုင်ငံရေးအရ ကူညီပံ့ပိုးပေးနေတာမရှိပါဘူးဆိုတာကိုငြင်းဆိုနိုင်မယ့် အချက်အလက်အသစ်တွေပေးပို့ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒီလိုအချက်အလက်တွေပေးပို့လာမယ်ဆိုရင် ဝမ်းမြောက်စွာလက်ခံမှာဖြစ်သလို အထူးလည်းကျေးဇူးတင်မှာပါ" လို့ ပြန်လည်ချေပခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးကိုယ်စားလှယ် ကယ်လီ ကာရီ (Kelley Currie) ဟာ အရင် အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ် (Tom Andrews) ရဲ့ တာဝန်သက်တမ်း ပြီးဆုံးသွားပြီးနောက် ၂၀၂၆ခုနှစ်၊ဧပြီလမှာ အသစ်ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။
ကယ်လီ ကာရီ ဟာ အမေရိကန် လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်သလို ၂၀၂၀ ကနေ ၂၀၂၁ ခုနှစ်အထိ ကမ္ဘာလုံးဆိုင်ရာအမျိုးသမီးရေးရာ ဆိုင်ရာ အထူးသံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ စီးပွားရေးနဲ့လူမှုရေးကောင်စီမှာလည်း အမေရိကန်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။




Comments