ရခိုင်တကျော့ပြန်တိုက်ပွဲအတွင်း အရပ်သား ၉၀၀ ကျော် သေဆုံးခဲ့
- BVJ
- 3 days ago
- 1 min read
၂၀၀၀နီးပါး ဒဏ်ရာရ
BVJ/ဂျိုး_ဩဂုတ် ၁၁၊ ၂၀၂၅

ရခိုင်ပြည်နည်နယ်မှာစစ်ကောင်စီနဲ့ အာရက္ခတပ်တော်-AAတို့ကြား ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလ၁၃ရက်နေ့က စတင်ခဲ့တဲ့ တကျော့ပြန်တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ရခိုင်ဒေသခံအရပ်သား ၉၂၆ ဦးသေဆုံးခဲ့ရပြီး ၁၉၅၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
အခုလက်ရှိစာရင်းဟာလည်း အာရက္ခတပ်တော်-AAဘက်က လက်လှမ်းမှီသလောက်ကောက်ယူပြုစုထားတဲ့ စာရင်းသာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်ကြောင်းလည်းပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီးတော့လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ မီးရှို့ ဖျက်စီးခဲ့တာကြောင့် ရခိုင်ဒေသခံတွေပိုင်ဆိုင်တဲ့ လူနေအိမ်အဆောက်အဦးအတော်များများပျက် စီးခဲ့ရတယ်လို့လည်း သိရပါတယ်။
“အကြမ်းဖက်စစ်ကောင်စီက မီးရှို့တာတွေ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် လူနေအိမ် ၁၀၅၀၂ လုံး၊ ဘာသာရေးအဆောက်အဦး ၉၀၊ စာသင်ကျောင်း ၄၅ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၂ ခု၊ တံတား ၂၂ စင်း၊ UN, INGO, NGO ရုံးအဆောက်အဦး သုံးခုအပြင် တခြားအဆောက်အဦး စုစုပေါင်း ၁၁၀၀၀ ကျော်ဖျက်ဆီးခံခဲ့ရတယ်”လို့ AAပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာရှိတဲ့ ဒေသခံအရပ်သားတွေကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်တာတွေလည်းရှိနေပြီး လက်ရှိအချိန်ထိ စစ်ကောင်စီဖမ်းဆီးထားတဲ့ ရခိုင်ဒေသခံ ၉၄၇ဦးအထိရှိတယ်လို့ AAပြောခွင့်ရက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နည်အတွင်းက စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်-AAကြား နှစ်ဘက်စစ်ရေးတင်းမာနေပြီး စစ်ကောင်စီရဲ့ ကြည်း၊ ရေ ၊လေ ပူးပေါင်းပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။
Comments