top of page

AAထိန်းချုပ်မြို့တွေဗုံးကြဲခံရပြီးနောက် ဒေသတွင်းလုံခြုံရေးတိုးမြှင့်

  • Writer: BVJ
    BVJ
  • Aug 29
  • 1 min read

BVJ/ဂျိုး_ဩဂုတ် ၂၈၊ ၂၀၂၅

ဩဂုတ်လ ၂၅ရက်နေ့က မြောက်ဦးမြို့ကို စစ်ကောင်စီလေကြောင်းဗုံးကြဲခဲ့စဉ်။(ဓါတ်ပုံ-APM)
ဩဂုတ်လ ၂၅ရက်နေ့က မြောက်ဦးမြို့ကို စစ်ကောင်စီလေကြောင်းဗုံးကြဲခဲ့စဉ်။(ဓါတ်ပုံ-APM)

ရခိုင်ပြည်နယ်အတွင်းက အာရက္ခတပ်တော်-AAထိန်းချုပ်ထားတဲ့မြို့နယ်တွေကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေဆက်တိုက်လုပ်ဆောင်လာတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေရှိနေပါတယ်။


ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ရက်နေ့ ညနေပိုင်းက မြောက်ဦးမြို့ပေါ်ကလူနေရပ်ကွက်ကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ကလေး ၅ ဦးအပါအဝင်အရပ်သား ၁၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီးတော့ ၂၀ဦးဒဏ်ရာရရှိခဲ့တာပါ။


ဒါ့အပြင် ဆေးကုသမှုခံယူနေရတဲ့ ဒဏ်ရာရခဲ့သူ အယောက် ၂၀ထဲက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး မနေ့ကထပ်မံသေဆုံးသွားပြီး နောက်ထပ်အသက်အန္တရာယ်စိုးရိမ်ရသူတွေရှိနေသေးတယ်လို့ အာရက္ခတပ်တော်-AAဘက်က မနေ့ကထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီအနေနဲ့ အခုလိုရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်လာတာကြောင့် ရခိုင်မြောက်ပိုင်းကမြို့နယ်တချို့မှာ ဈေးတွေပိတ်ထားရသလို အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းတွေအားလုံးကိုလည်းပိတ်ထားရတယ်လို့ ကျောက်တော်မြို့မှာနေထိုင်သူတစ်ဦးကပြောပါတယ်။


“မြောက်ဦးဖြစ်စဉ်ပြီးတဲ့နောက်မှာ ကျနော်တို့သိရသလောက်ဆိုရင် မြို့နယ်တချို့မှာ အင်တာနက် ဝန်ဆောင်မှုလှိုင်းတွေကို အာရက္ခတပ်တော်ဘက်က ယာယီပိတ်ထားတာတွေရှိတယ်၊ မြို့ပေါ်တွေမှာ လည်း ဈေးတွေကိုအချိန်ပြည့်မဖွင့်တော့ဘူး။ အချိန်ပိုင်းနာရီပိုင်းလောက်ပဲ ဖွင့်ပြီးတော့ကျန်တဲ့ အချိန်ဆို ပိတ်ထားရတာပေါ့နော်။ အကုန်လုံးကသတိရှိရှိနဲ့ နေနေကြရပါတယ်”


ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေစတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလကတည်းက ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့AAထိန်းချုပ်မြို့နယ်တချို့မှာ ဒေသခံတွေအနေနဲ့ အလုပ်ကိစ္စ၊ မိသားစုအရေးကိစ္စတွေအတွက်အရေးပေါ် ဆက်သွယ်နိုင်ဖို့ AAဘက်က Starlinkနဲ့ အချိန်ပိုင်းအင်တာနက်ဝန်ဆောင်မှုတွေ ဖွင့်ပေးနေတာလည်းဖြစ်ပါတယ်။


အခုလေကြောင်းဗုံးကြဲတာတွေဆက်တိုက်ဖြစ်လာပြီး လူသေဆုံးမှုများခဲ့တာကြောင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေကို ယာယီပိတ်လိုက်တယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။


အင်တာနက်အသုံးပြုခွင့်ရနေတဲ့ ဒေသခံတချို့ဆီကနေ စစ်ကောင်စီအနေနဲ့ သတင်းတွေရနိုင်တာကြောင့် အခုလိုယာယီပိတ်လိုက်တာဖြစ်နိုင်တယ်လို့ မြောက်ဦးမြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။


“အင်တာနက်ကတော့ အရေးကြီးပါတယ်။ ဒါပေမယ့် အသက်လောက်တော့ အရေးမကြီးပေါ့နော်၊ အခုလို အင်တာနက်အသုံးပြုတဲ့သူတွေက စည်းမရှိကြဘူး၊ ပုံတွေဆိုရင်လည်းတင်ချင်သလို တင်နေကြတာ။ ရခိုင်ကို ဗိုလ်ချုပ်(AA စစ်ဦးစီးချုပ်)ရောက်လာတဲ့ ပုံကိုတင်ပြီးသိပ်မကြာဘူး မြောက်ဦးနဲ့ မင်းပြား ဗုံးကြဲခံရတယ်။ လူတွေဆယ်နဲ့ချီသေကြတယ်။ အဲတာကြောင့် အင်တာနက်ဝန်ဆောင်မှုလိုင်းတွေ ပိတ်ထားတာလည်းကောင်းတယ်”လို့ပြောပါတယ်။


စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာစစ်ရေးပဋိပက္ခကြောင့် အရပ်သားသေဆုံးမှုတွေထဲမှာ ရခိုင်ပြည်နယ်မှာအများဆုံးဖြစ်ပြီး အရပ်သားပြည်သူတွေအတွက် အန္တရာယ်အရှိဆုံးဒေသတစ်ခုဖြစ်နေတယ်လို့ မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်အဖွဲ့ BNI-Myanmar Peace Monitorက ကောက်ယူထားတဲ့ မှတ်တမ်းအချက်အလက်အရ သိရပါတယ်။


၂၀၂၄ခုနှစ် ဧပြီလကနေ အခု ၂၀၂၅ ဧပြီလအထိကောက်ယူထားတဲ့မှတ်တမ်းအရ ၁၃လအတွင်းမှာပဲ ရခိုင်ပြည်နယ်အတွင်း အရပ်သားပြည်သူထိခိုက်သေဆုံးမှု ၇၆၀ဦးရှိပြီး အဲ့ဒါဟာ တနိုင်လုံး အရပ်သားသေဆုံးမှုရဲ့ လေးပုံတစ်ပုံရှိခဲ့တယ်လို့ BNI-MPMမှတ်တမ်းမှာ ဖော်ပြထားပါတယ်။


စစ်ရှုံးနေတဲ့စစ်ကောင်စီဟာ စစ်ဘက်နဲ့မသက်ဆိုင်တဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ၊ ဈေးတွေ၊ ဘာသာရေးအဆောက်အုံတွေ၊ လမ်းတံတားတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေထူထပ်တဲ့ မြို့၊ ရွာ၊ ရပ်ကွက်တွေက အပြစ်မဲ့ပြည်သူတွေကိုပစ်မှတ်ထားတိုက်ခိုက်တဲ့လုပ်ရပ်တွေနဲ့ လူစိတ်ကင်းမဲ့တဲ့တိုက်ခိုက်မှုမျိုးကို ရခိုင်ပြည်နယ်အတွင်းသာမက နိုင်ငံအနှံမှာနေ့စဉ်ရက်ဆက် ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်းပြောင်းတင်းတင်းကျုးလွန်နေတယ်လို့ အာရက္ခတပ်တော်-AAဘက်က ပြောထားပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page