ရခိုင်မှာငှက်ဖျားဖြစ်ပွားနှုန်းတိုးလာပြီး ဆေးဝါးကုသဖို့ခက်ခဲနေ
- BVJ
- 4 minutes ago
- 1 min read
BVJ/ဂျိုး_ ဇူလိုင် ၁၇၊ ၂၀၂၅

အာရက္ခတပ်တော်-AAက ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ ဒီနှစ်မိုးရာသီအတွင်း ရာသီတုပ်ကွေးနဲ့ငှက်ဖျားရောဂါဖြစ်ပွားတာတွေ တိုးလာနေပြီး သေဆုံးသူတွေရှိလာနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
AAထိန်းချုပ်ထားတဲ့ ရခိုင်တောင်ပိုင်းက တောင်ကုတ်၊သံတွဲ အပါအဝင် ရခိုင်မြောက်ပိုင်းက ကျောက်တော်၊ပုဏ္ဏားကျွန်းနဲ့အမ်းမြို့နယ်တွေမှာ ငှက်ဖျားဖြစ်ပွားနေသူတွေ အတော်များများရှိလာနေတာပါ။
“သံတွဲနဲ့ တောင်ကုတ်မြို့နယ်အတွင်းမှာ ကျနော်သိရသလောက် ငှက်ဖျားဖြစ်သူ ၃၀၀ကျော်လောက်ရှိတယ်။လက်ရှိမှာတော့ အာရက္ခတပ်တော်AAဘက်က အခမဲ့ဆေးကုသမှုပေးတာတွေ လုပ်ဆောင်နေတာရှိတယ်”လို့ တောင်ကုတ်ဒေသခံတဦးကပြောပါတယ်။
ငှက်ဖျားရောဂါဖြစ်ပွားနေသူအများစုဟာ စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး အမိုးအကာတွေနဲ့ခြင်ထောင်တွေ လုံလုံလောက်လောက်မရှိဘဲနေထိုင်နေကြရကာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရရှိတာကြောင့် အခုလိုငှက်ဖျားဖြစ်ပွားမှုတွေများလာနေတာ ဖြစ်နိုင်ကြောင်းလည်း သူကဆက်ပြောပါတယ်။
ဒါ့အပြင် လက်ရှိရခိုင်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေလည်းရှားပါးတာကြောင့် ရှိနေတဲ့ဒေသခံတွေဟာ တောတောင်တွေကိုမှီခိုပြီးတော့ စားဝတ်နေရေးအတွက် ရုန်းကန်းနေကြရတာပါ။

ရခိုင်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ရခိုင်မျိုးနွယ်စုတွေအများဆုံးနေထိုင်တဲ့ တောဖျားချောင်းအထက်ပိုင်းမှာလည်း ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါဖြစ်ပွားနေသူတွေ အများအပြားရှိနေပြီး ဆေးကုသဖို့ခက်ခဲနေကြတယ်လို့ ဒေသခံတဦးကပြောပါတယ်။
“ငှက်ဖျားတွေကတော့ ဒီအချိန်ဆိုရင် အရင်ကလည်းဖြစ်ကြပါတယ်၊ဒါပေမယ့် အဲဒီတုန်းကဆေးရုံ ဆေးခန်းတွေလည်း များများစားစားရှိတော့ ဆေးကုရတာအဆင်ပြေတာပေါ့နော်။ ကာကွယ်ဆေးတွေလည်းရှိနေတော့ သိပ်မစိုးရိမ်ရဘူးလေ။ အခုက ဆေးကုသမှု လုံလုံလောက်လောက်မရရှိတော့ စိုးရိမ်ရတယ်”
လက်ရှိရခိုင်ပြည်တွင်းမှာနေထိုင်ကြတဲ့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ AAဘက်က အခမဲ့ဆေးဝါးကုသမှုတွေ လုပ်ဆောင်နေတာရှိပေမယ့် နေရာတိုင်းမှာ လုပ်ဆောင်နိုင်တာမရှိသေးဘူးလို့လည်း ရခိုင်ဒေသခံတဦးက ပြောပါတယ်။
“AAက အခမဲ့ကျန်းမားရေးစောင့်ရှောက်မူပေးတာကကျတော့ သူတို့ကျန်းမာရေးစင်တာနဲ့နီးတဲ့ ရွာတွေက လူတွေအတွက် အဆင်ပြေနိုင်တယ်။ ဒါပေမဲ့ အဲ့တာနဲ့ဝေးတဲ့ ရွာတွေကကျတော့ ခရီးစရိတ်မတတ်နိုင်တာနဲ့တောင် ဘာမှလုပ်မရဘူး။ နေရာတိုင်းမှာ ကုသပေးနေတဲ့ အနေအထားမျိုးတော့ မဟုတ်ပါဘူး။ မကြားမိဘူး။ AAအနေနဲ့ နေရာတိုင်းမှာ အဲ့လိုမျိုး လုပ်ပေးနိုင်တဲ့ အနေအထားလဲမရှိသေးတော့ ဒေသခံတွေကတော့ ဆေးဖိုးဝါးခမတတ်နိုင်တာတွေ ကြုံနေရဆဲဖြစ်ပါတယ်။
လက်ရှိမြို့နယ်အများစုကို AAဘက်ကသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်တွေက စာသင်ကျောင်းတွေ ဆေးရုံ၊ဆေးခန်းတွေကို စစ်ကောင်စီက မကြာခဏဆိုသလို လေကြောင်းဗုံးကြဲမှုတွေလုပ်ဆောင်နေတာကြောင့် အရင်တုန်းကလို ဆေးရုံဆေးခန်းတွေကို ပေါ်ပေါ်ထင်ထင်မဖွင့်လှစ်နိုင်သေးတာလည်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်-AA ကြား တကျော့ပြန်တိုက်ပွဲတွေစတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ ၁၃ရက်နေ့စပြီး ရခိုင်ပြည်တွင်း ကုန်စည်စီးဆင်းမှုတွေနဲ့ ဆေးဝါးသယ်ယူခွင့်တွေကို လက်ရှိအချိန်ထိ စစ်ကောင်စီကပိတ်ပင်ထားတာကြောင့် ရခိုင်ဒေသခံတွေ စားဝတ်နေရေးနဲ့ ကျန်းမာရေးအခက်အခဲ ကြုံနေကြရတာလည်း ဖြစ်ပါတယ်။
ပုံစာ-ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေကို AAဘက်က ကျန်းမာရေးစောင့်ရှောက်ပေးနေပုံ(ဓါတ်ပုံ-AA info desk)
Comments