မြေမြှုပ်မိုင်း၊စစ်ကျန်လက်နက်အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ ရခိုင်ဒေသခံတွေ
- BVJ

- Jul 25
- 1 min read
BVJ/ ဂျိုး ၊ ဇူလိုင် ၂၄-၂၀၂၅

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်-AAကြား တိုက်ပွဲအကြီး အကျယ်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်က မြို့နယ် တော်တော်များများမှာ စစ်ကျန်လက်နက်တွေနဲ့ မြေမြှုပ်မိုင်းတွေကြောင့် မကြာခဏဆိုသလို အရပ် သားထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။
မနေ့ကဇူလိုင်လ ၂၃ရက်နေ့ကလည်း AAသိမ်းပိုက်ထိန်းချုပ်ထားတဲ့ အမ်းမြို့နယ်မှာ ဟင်းစားသွားရှာ တဲ့အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တဖက်ပြတ်သွားတယ်လို့ ဒေသခံတွေကပြော ကြပါတယ်။
ဒဏ်ရာရှိသွားတဲ့အမျိုးသားဟာ အမ်းမြိုနယ်၊ တပ်တောင်တိုက်နယ်၊ င/လက်ကျရွာက အသက် ၃၁ နှစ်အရွယ်ဦးသိန်းရွှေဖြစ်ပြီး မနေ့ကမနက်ပိုင်းမှာ အမ်းမြို့နဲ့ နှစ်မိုင်ခန့်အကွာ အမ်း-မအီ ကားလမ်း ဘေးမှာ မေမြှုပ်မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။
ရခိုင်တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီကမြေမြှုပ်မိုင်းတွေ အလွန်အကျွန်အသုံးပြုခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေကဒေသခံတွေဟာ အခုအချိန်ထိ လုပ်ကိုင်စားသောက်ဖို့ခက်ခဲနေသလို မကြာခဏဆိုသလို မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ထိခိုက်ဒဏ်ရာရရှိနေကြတယ်လို့ ရခိုင်ဒေသခံ တစ်ဦးက ပြောပါတယ်။
“စစ်တပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေက နေရာတိုင်းမှာရှိတယ်ပေါ့နော်။ AAဘက်ကလည်း အကုန်လုံးကိုရှင်းပေးနိုင်တဲ့ အနေအထားမရှိဘူး။ ဒေသခံတွေအနေနဲ့လည်းစားဝတ် နေရေးခက်ခဲ တော့တော့ တောင်စပ်တွေကိုသွားပြီး ဟင်းရှာ၊ငါးရှာသွားကြတာတွေရှိတယ်လေ။ အဲမှာသေဆုံး ဒဏ်ရာရကြတာပါပဲ” လို့ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဒီနှစ်ဆန်းပိုင်းကစလို့ လက်ရှိအချိန်ထိ မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲ မှုတွေ ကြောင့် ထိခိုက်သေဆုံးဒဏ်ရာရသူတွေ ဆယ်နဲ့ချီရှိနေတယ်လို့ ရခိုင်ဒေသခံတွေက ပြောဆိုကြပါတယ်။ အာရက္ခတပ်တော်-AAဘက်ကတော့ သူတို့သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာစစ်ကျန်လက်နက်ပစ္စည်းတွေနဲ့ မြေမြှုပ်မိုင်းတွေကိုရှင်းလင်းပေးနေတာတွေရှိသလိုမရှင်းရသေးတဲ့နေရာတွေမှာလည်းမိုင်းအန္တရာယ်အသိပေးဆိုင်းပုဒ်စိုက်ထူထားတာတွေ အသိပညာပေးဟောပြောတာတွေလည်းရှိနေပါတယ်။

ဒါပေမယ့်လည်း ရခိုင်ပြည်နယ်က နေရာတိုင်းလိုလိုမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် မိုင်းနဲ့စစ်ကျန် လက်နက်ပစ္စည်းအားလုံးကို ရှင်းနိုင်ဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စမဟုတ်လို့လည်း ရခိုင်ဒေသခံတဦးက ပြောပါတယ်။
“တိုက်ပွဲက မြို့တိုင်းနေရာတိုင်းလိုလိုမှာြဖစ်ခဲ့တာလေ။ စစ်တပ်ကလည်း မိုင်းတွေကို ထောင်ချင်တိုင် ထောင်ခဲ့တာ။ မှိုပေါက်နေသလိုပဲဆိုတော့ သူတို့ထောင်တဲ့မိုင်းကို သူတို့ ပြန်ဖော်ခိုင်းရင်တောင် ပြန်ဖော် နိုင်မှာမဟုတ်ဘူး။ ဆိုတော့ ဒီဟာတွေက ကျနော်တို့ ဒေသခံတွေကို နှစ်နဲ့ချီ ဒုက္ခသည် ပေးနေအုံးမှာပဲ ”လို့ ပြောပါတယ်။
ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ (UNICEF)ရဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ဇန်နဝါရီလကနေ စက်တင်ဘာလ အထိကောက်ယူထားတဲ့စာရင်းအရ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေကြောင့် အရပ်သားသေဆုံးဒဏ်ရာရသူ ၈၈၉ ဦးအထိရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တနှစ်လုံးအတွင်း သေဆုံးဒဏ်ရာရသူအရေအတွက် စုစုပေါင်းရဲ့ (၈၅)ရာခိုင်နှုန်းရှိနေခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။
ကမ္ဘာတဝှမ်းမှာ မြေမြှုပ်မိုင်းအသုံးပြုနေတေဲ့နိုင်ငံတွေအဖြစ် မြန်မာနဲ့ ရုရှားနှစ်နိုင်ငံသာရှိနေပြီးဒီနှစ် ပိုင်းတွေမှာ အသုံးပြုမှုတွေတိုးလာတာကိုတွေ့ရတယ်လို့ မြေမြှုပ်မိုင်းတားဆီးရေး နိုင်ငံတကာအဖွဲ့ ICBL ကလည်း ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- အာရက္ခတပ်တော်AA







Comments