သောင်းနဲ့ချီတဲ့ ရခိုင်ရေဘေးသင့်ဒုက္ခသည်တွေ အရေးပေါ်အကူအညီလိုအပ်နေ
- BVJ

- Jul 23
- 1 min read
BVJ/ ဂျိုး_ဇူလိုင် ၂၃၊ ၂၀၂၅

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကမိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် မြို့နယ်တော်တော်များများမှာရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး ဒေသခံတသောင်းကျော်ဟာ စားဝတ်နေရေး အခက် ကြုံနေကြရပါတယ်။
ရခိုင်ပြည်နယ်က တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောစတဲ့မြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့ နေအိမ်တွေ စပါးခင်းတွေနဲ့လမ်းတံတားတွေ ပျက်စီးသွားတာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေလည်း ခက်ခဲနေတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က မနေ့က ထုတ်ပြန်ထားပါတယ်။
လက်ရှိ HDCOက ကောက်ယူထားတဲ့စာရင်းအရ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည် စခန်းတွေအပါအဝင် ကျေးရွာပေါင်း ၉၀ကျော်ကရေးဘေးသင့် လူဦးရေ ၁၂၀၀၀ကျော်အထိရှိပြီး အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ဖော်ပြထားတာပါ။
“ရေးဘေးသင့် စားနပ်ရိက္ခာ၊ အမိုးအကာ၊ မျိုးစပါး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း အရေးပေါ်လိုအပ်နေတယ်”လို့ HDCOရဲ့ ထုတ်ပြန်ချက် မှာဖော်ြပချက်အရ သိရပါတယ်။
အခုလို ရေကြီးရေလျှံမှုတွေကြောင့် စစ်ဘေးဒုက္ခသည်စခန်းတချို့ အရေးပေါ် ရွှေ့ပြောင်းရတာတွေရှိသလို အဲဒီမြို့နယ်တွေက မိုးစပါးစိုက်ပျိုးပြီးလယ်ဧကတော်တော်များများလည်း ပျက်စီးသွားတယ်လို့ ကျောက်တော်ြမို့မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မျက်မြင်အရဆိုရင်တော့ မြောက်ဦးကနေ ပုဏ္ဏားကျွန်းဘက်တလျောက် လယ်ကွင်းတွေရော ကား လမ်းတွေမှာပါ တော်တော်လေးကိုရေကြီးခဲ့တာ။ အခုရေနည်းနည်းကျသွားပြီဆိုပေမယ့် လယ်ကွင်း တွေနဲ့မြေနိမ့်ပိုင်းတွေမှာ သွားလာလို့အဆင်မပြေတာတွေရှိသေးတယ်။ မြင်ရသလောက်ဆိုရင်စပါးပင်တွေ ပျက်စီးမှုကအရမ်းများတော့ တောင်သူတွေအတွက်အခက်ကြုံနေရတာ”
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ကုန်စျေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေသလို လယ်ယာ လုပ်ငန်းတွေမှာအသုံးပြုရတဲ့ စက်ဆီတွေနဲ့ဓာတ်မြေသြစျေးတွေလည်းဟာလည်း အဆမတန်မြင့် တက်နေပါတယ်။ ဒါကြောင့် တောင်သူလယ်သမားတွေအနေနဲ့ လယ်ယာလုပ်ငန်းတွေဆက်လုပ်ဖို့ အခက်အခဲရှိကြပါတယ်။
ဒီကြားထဲ ခက်ခက်ခဲခဲရှာဖွေစိုက်ပျိုးထားတဲ့စပါးခင်တွေ ထပ်မံပျက်စီးသွားတော့ လယ်သမားတွေအတွက် အတော်အခက်ကြုံနေရတယ်လို့လည်း မြောက်ဦးမြို့နယ်က လယ်သမားတစ်ဦးကပြောပါတယ်။
“လက်ရှိ လယ်တဧက စိုက်ပျိုးဖို့အတွက်ဆိုရင် ကုန်ကျစရိတ်က ကျပ်ငွေဆယ်သိန်းလောက်ထိ ကုန်ကျ တယ်။ အဲတာကြောင့်လည်း ကျနော်တို့မှာရှိတဲ့ လယ်ဧကအားလုံးကိုမစိုက်နိုင်ဘူး။ ဒီကြားထဲ ရေကြီး ရေလျှံတာတွေနဲ့ကြုံရတော့ အခက်ကြုံတာပေါ့ဗျာ ”လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်-AAကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက် ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေသိန်းနဲ့ချီရှိနေသေးသလို ကျန်းမာရေး၊ပညာရေး စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပြီး ဒီကြားထဲ ရေဘေးသင့်ဒုက္ခသည်တွေ ထပ်တိုးလာတာလည်းဖြစ်ပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ ထုတ်ပြန်ချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။







Comments