top of page

စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲ ရခိုင်ပြည်နယ်မှာမဖြစ်နိုင်ဟု AAပြော 

  • Writer: BVJ
    BVJ
  • Aug 11
  • 1 min read

BVJ/ ဂျိုး_ဩဂုတ် ၁၁၊ ၂၀၂၅

၂၀၂၅နှစ်ကုန်မှာ ကျင်းပဖို့ပြင်နေတဲ့ရွေးကောက်ပွဲအတွင်း အသုံးပြုမယ့်အီလွန်ထရွန်းနစ်မဲပေးစက်တွေကို စစ်ခေါင်း‌ဆောင်နဲ့အဖွဲ့ ကြည့်နေပုံ(ဓါတ်ပုံ-CINCDS)
၂၀၂၅နှစ်ကုန်မှာ ကျင်းပဖို့ပြင်နေတဲ့ရွေးကောက်ပွဲအတွင်း အသုံးပြုမယ့်အီလွန်ထရွန်းနစ်မဲပေးစက်တွေကို စစ်ခေါင်း‌ဆောင်နဲ့အဖွဲ့ ကြည့်နေပုံ(ဓါတ်ပုံ-CINCDS)

ရခိုင်ပြည်နယ် ၁၇မြို့နယ်ထဲက ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်-AAထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီရွေးကောက်ပွဲလုပ်ခွင့်ရမှာမဟုတ်ဘူးလို့ AAပြောခွင့်ရ ခိုင်သုခက ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောပါတယ်။

 

“စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာတွေမှာ ရွေးကောက်ပွဲလုပ်လို့ရနိုင်ရင်လည်း ကျနော်တို့ ထိန်းချုပ်ထားတဲ့နေရာတွေမှာတော့ ရွေးကောက်ပွဲလုပ်ခွင့်ရမှာမဟုတ်ဘူး။ ဘာကြောင့်ဆိုတော့  ရခိုင်ပြည်မှာ ဗမာအစိုးရအဆက်ဆက်လုပ်ခဲ့ကြတဲ့ ရွေးကောက်ပွဲတွေဟာ ရခိုင်ပြည်သူတွေကို တစ်စုံတစ်ရာ အကျိုးပြုခဲ့ကြတာမရှိဘူး။ ရခိုင်ပြည်သူတွေအနေနဲ့လည်း ဒီရွေးကောက်ပွဲကို တစ်ယောက်လည်း စိတ်မဝင်စားဆိုတာ သေချာပါတယ်”

 

လက်ရှိမှာတော့ စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်က ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေစတဲ့မြို့နယ် တွေက မြို့ပေါ်ရပ်ကွက်တွေလောက်သာထိန်းချုပ်ထားနိုင်ပြီးကျန်တဲ့ ၉၀ရာခိုင်နှုန်းလောက်က အာရက္ခတပ်တော်-AAကထိန်းချုပ်ထားတာပါ။

 

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်းပြည်သူလူထုအပေါ် နည်းမျိုးစုံနဲ့ ရာဇဝတ်မှုတွေကျူးလွန်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက်လည်း အကျိုးတစုံတရာမရှိနိုင်ဘူးလို့ အာရက္ခတပ်တော်-AAပြောခွင့်ရ ခိုင်သုခက သတင်းစာရှင်းလင်းပွဲ မှာပြောပါတယ်။

 

“ရွေးကောက်ပွဲဆိုတာ ပြည်သူလူထုကို အခြေပြုပြီး လုပ်ရတာဖြစ်ပါတယ်။ ပြည်သူလူထုထောက် ခံမှုမရှိတဲ့ရွေးကောက်ပွဲဟာ ပြည်သူအတွက်အကျိုးမဖြစ်နိုင်သလို ပြည်သူတွေအတွက် ရှုပ်ထွေးမှုတွေပိုဖြစ်စေမယ်လို့ မြင်ပါတယ်” လို့ပြောပါတယ်။

 

နိုင်ငံခေါင်းဆောင်းတွေနဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထားပြီး နိုင်ငံအတွင်းရွေးကောက်ပွဲ ကျင်းပ ဖို့ပြင်ဆင်နေတာဟာ တိုင်းပြည်မတည်ငြိမ်မှုတွေကိုဦးတည်နေသလို မြန်မာပဋိပက္ခအတွက် ရေရှည်တည်တန့်တဲ့ နိုင်ငံရေးထွက်ပေါက်တခုမဟုတ်ဘူးလို့ အခုနှစ် ဇွန်လအတွင်းကကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ ကုလသမဂ္ဂအထူးကိုယ်စား လှယ်မစ္စဂျူလီဘီစ်ရှော့က ပြောဆိုခဲ့ပါသေးတယ်။

 

အာဆီယံအထူးကိုယ်စားလှယ်ကလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ နိုင်ငံရေး ဟန်ပြတခုသာဖြစ်ပြီး ရွေးကောက်ပွဲအစား အကြမ်းဖက်မှုရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေး မှုတွေကိုသာ အရင်လုပ်ဆောင်သင့်တယ်လို့လည်း ပြီးခဲ့တဲ့ မေလအတွင်းက မလေးရှားနိုင်ငံ ကွာလာလန်ပူမှုကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပြောဆို ထားတာရှိပါတယ်။

 

အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ တော်လှန်တာကိုလေးနှစ်ကျော်ကြာရင်ဆိုင် နေရပြီး စစ်ရေးအရအရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်တခုအနေနဲ့ ဒီနှစ် ကုန်ပိုင်းလောက်မှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။

 

အာဏာသိမ်းစစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်သလို စစ်ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်နေတာကြောင့် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ်တွေအပါအဝင် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ရွေးကောက်ပွဲကိုအသိအမှတ်ပြုလက်မခံကြဘဲ စစ်ကောင်စီရွေးကောက်ပွဲကို ရတဲ့နည်းနဲ့ဆန့်ကျင်ကြဖို့ တိုက်တွန်းထားကြပါတယ်။

 

စစ်ကောင်စီကတော့ ဒီနှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားပြီး အဲ့ဒီအတွက်လည်း ရွေးကောက်ပွဲမှာ သေမှုသေခင်းဖြစ်ရင် ကျူးလွန်သူကိုသေဒဏ်ပေးနိုင်တဲ့ ဥပဒေနဲ့ အမိန့်ညွှန်ကြားချက်တွေနဲ့ပြဌာန်းပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်နေပါတယ်။

 

စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ၅၀ကျော်အထိရှိနေတယ်လို့လည်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖော်ြပထားပါတယ်။

 

ပုံစာ-၂၀၂၅နှစ်ကုန်မှာ ကျင်းပဖို့ပြင်နေတဲ့ရွေးကောက်ပွဲအတွင်း အသုံးပြုမယ့်အီလွန်ထရွန်းနစ်မဲပေးစက်တွေကို စစ်ခေါင်း‌ဆောင်နဲ့အဖွဲ့ ကြည့်နေပုံ(ဓါတ်ပုံ-CINCDS)

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page