top of page

အမျိုးသမီး ၁၁ ယောက်ကို အဓမ္မပြုကျင့်ခဲ့သူကို ULA/AAက နှစ်ရှည်ထောင်ချ 

  • Writer: BVJ
    BVJ
  • Sep 5
  • 1 min read

BVJ/ဂျိုး_စက်တင်ဘာ ၅၊ ၂၀၂၅

ree

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်သုံးခုက အမျိုးသမီး ၁၁ ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ အသက် ၂၅နှစ်အရွယ် အမျိုးသားကို အာရက္ခတပ်တော် ULA/AAက ဒီလဆန်းပိုင်းမှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တယ်လို့ တရားရေးဌာနနဲ့နီးစပ်သူတွေကပြောဆိုကြပါတယ်။

 

အလုပ်အကိုင်အခွင့်အလှမ်းရှားပါးနေတဲ့ ရခိုင်ပြည်နယ်မှာ အလုပ်ပေးမယ်လို့ဆိုကာ အမျိုးသမီးတွေကို လိမ်လည်ခေါ်ယူပြီးတော့ ကျောက်တော်ြမို့ ပြည်တော်သာရပ်ကွက်မှာနေထိုင်သူ ဇော်ဇော်နိုင်(ခ)လဖြူချေဟာ အဓမ္မပြုကျင့်ခဲ့တာ ၁၁ ယောက်အထိရှိခဲ့တယ်လို့ ဝန်ခံထွက်ဆိုထားပါတယ်။

 

လက်ရှိမှာတော့ တရားခံ ဇော်ဇော်နိုင်(ခ)လဖြူချေကို သူကျူးလွန်ခဲ့တဲ့မုဒိန်းမှု ၁၁ မှုထဲက ကျောက်တော်မြို့နယ်က အမျိုးသမီး နှစ်ယောက်၊ မြောက်ဦးမြို့နယ်က အမျိုးသမီးနှစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ အမှု ၄ ခုအတွက် မြောက်ဦးခရိုင်တရားရုံးကနေ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ရက်နေ့က အလုပ်နဲ့ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်တာဖြစ်တယ်လို့ ရခိုင်ဒေသတွင်းအခြေအနေတွေကို ရေးသားဖော်ပြနေတဲ့ အေအေနဲ့နီးစပ်တဲ့သတင်းဌာနတခုဖြစ်တဲ့ APMက ဖော်ပြထားပါတယ်။

 

အမှုတစ်ခုစီအတွက် ရာဇသတ်ကြီးပုဒ်မ ၃၆၆အရ အလုပ်နဲ့ထောင်ဒဏ် (၃)နှစ်၊ပုဒ်မ ၃၇၆ အရအလုပ်နဲ့ ထောင်ဒဏ် (၇) နှစ်၊ ပေါင်း ထောင်ဒဏ် (၁၀) နှစ်နဲ့ အမှုပေါင်း လေးခုအတွက် ထောက်ဒဏ်နှစ် ၄၀ ချမှတ်လိုက်တာလည်းဖြစ်ပါတယ်။

 

ကျန်တဲ့ အမျိုးသမီး ၇ယောက်ကိုအဓမ္မပြုကျင်ခဲ့တဲ့ အမှုတွေနဲ့ပတ်သက်ပြီးလည်း ULA/AA တရားရေးဌာနက ဆက်လက်စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့အစအရာရာခက်ခဲနေ တဲ့ရခိုင်ပြည်နယ်မှာ ဓားပြတိုက်၊ ခိုးမှု၊ လူသတ်မှုတွေ၊ မုဒိန်းမှုတွေစတဲ့ရာဇဝတ်မှုတွေတိုးလာနေပြီး အမျိုးသမီးတွေရဲ့လုံခြုံရေးအပေါ်လည်း ဒေသခံတွေကစိုးရိမ်မှုတွေရှိနေကြပါတယ်။

 

ဒါကြောင့်အမျိုးသမီးတွေရဲ့လုံခြုံရေးကိုကာကွယ်ပေးတဲ့အနေနဲ့ အမျိူးသမီးတွေအပေါ်အဓမ္မကျူးလွန်ခဲ့တဲ့ ဘယ်လိုတရားခံကိုမဆို သေဒဏ်ပေးသင့်တယ်လို့ ရခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“ကျမအနေနဲ့ကတော့ မုဒိန်းကောင်တွေကို ကြီးကြီးငယ်ငယ် တခါတည်း သေဒဏ်ပေးစေချင်တယ်။ အဲတာမှလည်း အမျိုးသမီးတွေကို နောက်လူတွေမစော်ကားဝံ့မှာ။အခုက အမျိုးသမီးတွေက စားဝတ်နေရေးအတွက် ခက်ခဲပင်ပန်းနေရတဲ့ကြားထဲ မုဒိန်းကောင်တွေကိုလည်းကြောက်နေရသေးတယ်။ မုဒိန်းမှုကျူးလွန်တဲ့သူကိုလည်း တခါထဲသေဒဏ်ပေးဖို့လည်းတောင်းဆိုပါတယ်”လို့ ပြောပါတယ်။

 

ရခိုင်ပြည်နယ်အတွင်းကဒေသအချို့မှာဖြစ်ပွားခဲ့တဲ့ သက်ငယ်မုဒိမ်းမှုအပါအဝင် အဓမ္မပြုကျင့်မှုတွေမှာ စစ်ဆေးမှုကြန့်ကြာနေတာတွေနဲ့ အမှုတွေကိုထိရောက်စွာအရေးယူပေးဖို့ကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ဇနီးဖြစ်သူကလည်း သူ့ရဲ့လူမှုကွန်ရက်ကနေတဆင့် ရေးသားတောင်းဆို ခဲ့ပါသေးတယ်။

 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ဖားပြိုကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလက (၉)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီးနောက် သံသယရှိသူ (၈)ဦးကို အာရက္ခပြည်သူ့ လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့-DLEPSက ဖမ်းဆီးစစ်ဆေးနေတာပါ။

 

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဇနီးက DLEPSနဲ့ တရား‌ရေးဌာနကြားမှာ အမှုစစ်ဆေးနေတာတွေက ကာလရှည်ကြာနေတာကြောင့် ကျူးလွန်ခံရသူတွေဟာထပ်ဆင့်နစ်နာနေရတယ်လို့ ဝေဖန်ထောက်ပြခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page