ရခိုင်ကမြို့နယ်သုံးခုကို စစ်ကောင်စီတစ်ရက်ထဲ ဗုံးကြဲတာကြောင့် အနည်းဆုံး ၆ဦးသေဆုံး
- BVJ

- Oct 31
- 1 min read
ဂျိုး/BVJ_အောက်တိုဘာ ၃၁၊၂၀၂၅

အာဏာသိမ်းစစ်အုပ်စုက အာရက္ခတပ်တော်AAထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် သုံးခုကို မနေ့က လေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
ရခိုင်တောင်ပိုင်းက ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ် ကုန်ဘွယ်ကျေးရွာကို စစ်အုပ်စုက မနေ့ကညနေပိုင်းမှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ဦးထက်မနည်းသေဆုံးပြီးတော့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်းရှိပါတယ်။
လက်ရှိဗုံးကြဲခံရတဲ့ ဇင်ချောင်းကျေးမှာ စစ်အုပ်နဲ့ AAကြားတိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိဘဲ လာရောက်ဗုံးကြဲသွားတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ ဇင်ချောင်းတိုက်နယ်အတွင်းမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
“မနေ့ကညနေပိုင်းမှာတော့ ဇင်ချောင်းကိုပေါင်၅၀၀ဗုံး နှစ်လုံးတောင်ကြဲချခဲ့တာလို့ ပြောတယ်။ ကျနော်တို့နေတာနဲ့တော့ နည်နည်းဝေးတယ်။ သွားလည်းမကြည့်ဖြစ်ဘူး သေဆုံးတာတွေရှိတယ်လို့ ကြားတယ်။ အဲဒီမှာ လင်မယားနှစ်ယောက်သေသွားတာတော့ ကျနော်အတိအကျပြောလို့ရတယ်။ ကျန်တာတော့မသိဘူးပေါ့နော်။ ဒီမှာတော့ အကုန်စိုးရိမ်ထိတ်လန့်နေကြတယ်”လို့ပြောပါတယ်။
ဒါ့အပြင် မနေ့ကနေ့လယ်ပိုင်းမှာပဲ ရခိုင်မြောက်ပိုင်း ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းဒေသ အောက်ဇီးကိုင်းကျေးရွာကို စစ်အုပ်စုက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးသွားသူဟာ ဦးထွန်းအေးလှိုင် (၅၂ နှစ်) ဖြစ်ပြီး၊ ဒဏ်ရာရရှိသွားသူတွေကတော့ ကိုဖြိုးဝေထွန်း (၂၂ နှစ်)နဲ့ ဦးမောင်မောင်ဌေး (၃၈ နှစ်)တို့ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒဏ်ရာရရှိသွားသူနှစ်ဦးဟာ အရေးပေါ် ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
တဆက်ထဲမှာပဲ စစ်အုပ်စုထိန်းချုပ်ထားဆဲ စစ်တွေမြို့အနီးမှာရှိတဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်ကိုလည်း စစ်အုပ်စုက မနေ့ကနေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့လာရောက်ဗုံးကြဲခဲ့ပါတယ်။ ဗုံးကြဲခံရမှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရတာမရှိပေမယ့် နေအိမ်အဆောင်အဦးတချို့ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။







Comments