ထိုင်းအစိုးရအဖွဲ့ ပြိုလဲလုနီးပါးဖြစ်နေပြီးနောက် အသံဖိုင်ပေါက်ကြားမှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်တောင်းပန်
- BVJ

- Jun 22, 2025
- 1 min read
BVJ/Moore _ ဇွန် ၁၉ ၊ ၂၀၂၅

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကနေ အဓိကမဟာမိတ် Bhumjaithai ပါတီက နုတ်ထွက်သွားပြီးနောက် ထိုင်းညွန့်ပေါင်းအစိုးရအဖွဲ့ ပြိုလဲလုနီးပါးအခြေအနေနဲ့ ကြုံတွေ့နေပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ်အာဏာကိုရယူပြီး ၁၀ လအကြာမှာ ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေကိုလည်း ထိုင်းဝန်ကြီးချုပ်အနေနဲ့ ရင်ဆိုင်နေရပြီလည်း ဖြစ်ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ ဖုန်းဆက်သွယ်ပြောကြားတဲ့ အသံဖိုင်ပေါက်ကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိပါးခဲ့တာကြောင့် ညွန့်ပေါင်းအစိုးရအဖွဲ့တွင်းကနေ မဟာမိတ် Bhumjaithai ပါတီက မနေ့က ဇွန် ၁၈ ရက်မှာ နုတ်ထွက်ခဲ့တာပါ။
“ကမ္ဘောဒီးယားခေါင်းဆောင်နဲ့ ကျွန်မ ပြောဆိုခဲ့တဲ့ အသံဖိုင်ပေါက်ကြားလာမှုနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ စိတ်ပျက်မကျေနပ်မှုတွေဖြစ်ပေါ်စေခဲ့တဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်” လို့ ပေထုန်တန်က ဒီနေ့မနက်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ပေထုန်တန်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
“ကျွန်မတို့အနေနဲ့ အချင်းချင်းတိုက်ခိုက်ဖို့ အချိန်မရှိပါဘူး။ ကျွန်မတို့ရဲ့ အချုပ်အခြာနယ်မြေကို ကာကွယ်ရပါမယ်။ အစိုးရအနေနဲ့လည်း တတ်နိုင်သမျှနည်းလမ်းအားလုံးနဲ့ စစ်တပ်ကို ထောက်ပံ့ပေးသွားမှာပါ” လို့ ပေထုန်တန်က ဆက်ပြောပါတယ်။
ဒါပေမဲ့ အဓိကမဟာမိတ် Bhumjaithai ပါတီ အစိုးရအဖွဲ့အတွင်းကနေ ထွက်သွားမှုအပေါ် ပေထုန်တန်က တစုံတရာပြောဆိုခဲ့တာမျိုး မရှိပါဘူး။
ညွန့်ပေါင်းအစိုးရအဖွဲ့ကနေ နုတ်ထွက်ခဲ့တဲ့ Bhumjaithai ပါတီကတော့ မနေ့ညပိုင်းက ထုတ်ပြန်ချက်ထဲမှာ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာ၊ နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲရေးနဲ့ အကျိုးစီးပွားတွေကို နည်းလမ်းမျိုးစုံနဲ့ အကာအကွယ်ပေးနေတဲ့ ထိုင်းစစ်တပ်နဲ့ တာဝန်ရှိသူတွေကို ထောက်ခံအားပေးသွားမှာဖြစ်သလို ထိုင်းပြည်သူအားလုံးနဲ့အတူ ရပ်တည်လုပ်ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိ တင်းမာမှုဖြစ်ပွားနေတဲ့ နယ်စပ်အရေးကိစ္စ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့အတွက် ဟွန်ဆန်နဲ့ ပေထုန်တန်တို့ ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်က ဖုန်းဆက်သွယ်ပြောဆိုခဲ့တာဖြစ်ပြီး ထိုင်းစစ်တပ်ဗိုလ်ချုပ်တွေရဲ့ ပြောဆိုမှုအပါအဝင် တစ်ဖက်ပြောစကား (ထိုင်းစစ်တပ်ကို ဆိုလို) ကို နားမထောင်ဖို့ ပေထုန်တန်က ဟွန်ဆန်ကိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ပေါက်ကြားခဲ့တဲ့ဖုန်းအသံဖိုင်ထဲမှာ ပေထုန်တန်က ဟွန်ဆန်ကို “အန်ကယ်” လို့ ရင်းရင်းနှီးနှီး ခေါ်ဝေါ်ခဲ့ပြီး တစ်ဖက်ပြိုင်ဘက် (ထိုင်းစစ်တပ်ဒုတိယစစ်တိုင်းမှူးကို ဆိုလို) ရဲ့စကားကို နားမထောင်ဖို့နဲ့ သူတို့ဟာ ပြိုင်ဘက်တွေသာဖြစ်တယ်၊ သူတို့ ပြောစကားကြောင့် အန်ကယ်အနေနဲ့ စိတ်ညစ်သွားတာ စိတ်ပျက်သွားတာမျိုး မဖြစ်စေချင်ပါဘူး။ တကယ်တမ်း ဒါကလည်း ကျွန်မတို့ရဲ့ အဓိက ရည်ရွယ်ရာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးပြောဆိုခဲ့မှုကြောင့် ပေထုန်တန်ကို ဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးဖို့ ထိုင်းပြည်သူအချို့ကလည်း ဆန္ဒပြလှုံ့ဆော်မှုတွေရှိနေပါတယ်။ နှစ်နိုင်ငံနိုင်ငံခေါင်းဆောင် သီးသန့်ဖုန်းပြောဆိုမှုအသံဖိုင် ပေါက်ကြားစေခဲ့မှုနဲ့ပတ်သက်ပြီး စိတ်ပျက်မိကြောင်းကိုလည်း ထိုင်းအစိုးရ အရှေ့အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် Piyapak Sricharoen က ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ် Hun Saroeun ကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ကန့်ကွက်စာပေးပို့ခဲ့ပါသေးတယ်။




Comments