top of page

ပူတင်နဲ့ဟန်ဂေရီမှာတွေ့မယ့်အစီအစဥ်ပျက်သွားပြီးနောက် ရုရှား‌ရေနံကုမ္ပဏီကြီးနှစ်ခုကို အမေရိကန်က စီးပွားရေးပိတ်ဆို့မှုအသစ်ချမှတ်

  • Writer: BVJ
    BVJ
  • Oct 23
  • 1 min read

အီးကေ/BVJ_အောက်တိုဘာ ၂၃၊ ၂၀၂၅

ree

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဟန်ဂေရီမှာတွေ့မယ့်အစီအစဥ်ပျက်သွားပြီးတဲ့နောက် ရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီ Rosneftနဲ့ Lukoilတို့ကို စီးပွားရေးပိတ် ဆို့မှုအသစ်ချမှတ်လိုက်ကြောင်း အမေရိကန်အစိုးရကထုတ်ပြန်ပါတယ်။ ဒီပိတ်ဆို့မှုဟာ ယူကရိန်းနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ယူဖို့ ရုရှားကို ဖိအားတိုးပေးလိုက်တာဖြစ်တယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။


ရုရှားသမ္မတပူတင်နဲ့ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မြို့မှာ‌တွေ့ဆုံမယ့်အစီအစဥ်ပျက်သွားပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကထုတ်ပြောအပြီး နောက်တနေ့မှာ ဒီစီးပွားရေးပိတ်ဆို့မယ့်အမိန့်ထွက်လာတာဖြစ်ပါတယ်။


“အဓိပ္ပါယ်မရှိတဲ့ဒီစစ်ပွဲကိုအဆုံးသတ်ဖို့ ပူတင်ဘက်ကငြင်းဆန်တဲ့အတွက် စီးပွားရေးပိတ်ဆို့မှုအသစ်တွေချမှတ်ဖို့ဖြစ်လာတာပါ။ ဒီရေနံကုမ္ပကြီးတွေက ရုရှားအစိုးရစစ်တိုက်နိုင်ဖို့ ထောက်ပံ့ပေးနေပါတယ်။အခုအချိန်ဟာလူတွေအသတ်ခံနေရတာ ရပ်တန့်နိုင်ဖို့ အပစ်အခတ်ရပ်စဲရေး အမြန်လုပ်ဖို့လိုနေပါပြီ”လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်မှာနေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မာ့တ်ရူတာနဲ့တွေ့ဆုံခဲ့တဲ့အချိန်မှာလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကိုအလေးမထားတဲ့ ရုရှားသမ္မတပူတင်ကိုဒေါ်နယ်ထရမ့်က အပြစ်တင်ခဲ့ပြီး ပိတ်ဆို့အရေးယူမှုတွေကနေ တွန်းအားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။ ရုရှားသမ္မတပူတင်ကိုဖိအားတိုးပေးတဲ့ကိစ္စကိုထောက်ခံကြောင်း နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် မာ့တ်ရူတာကလည်းပြောပါတယ်။


ဒေါ်နယ်ထရမ့်နဲ့‌တွေ့ဆုံဖို့အစီအစဥ်မပျက်သေးဘူးလို့ ရုရှားဘက်ကပြောနေပြီး တွေ့ဆုံပွဲလုပ်ဖို့အချိန်ယူပြင်ဆင်ရမယ်လို့ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ရုရှားသမ္မတပူတင်တို့ အောက်တိုဘာ၁၆ ရက် ကြာသပတေးနေ့မှာ ဖုန်းပြောခဲ့ကြပြီးနောက် ဟန်ဂေရီမှာတွေ့ဆုံဖို့သဘောတူခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီနောက် ဒီတပတ်တနင်္လာနေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာ့ဗ်ရော့ဗ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့ ဟန်ဂေရီတွေ့ဆုံပွဲအတွက်ကြိုတင်ပြင်ဆင်ဖို့ ဖုန်းပြောခဲ့ကြပြီးနောက်တွေ့ဆုံပွဲပျက်သွားပြီလို့ အိမ်ဖြူတော်က အင်္ဂါနေ့မှာအတည်ပြုပြောကြားခဲ့ပါတယ်။


ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံမယ့်ကိစ္စပျက်သွားပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပြောပြီး နာရီပိုင်းအတွင်းမှာ ရုရှားကယူကရိန်းကိုပြင်းထန်တဲ့ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ကလေးသူငယ်တွေအပါအဝင် လူခုနစ်ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။ စစ်ပွဲရပ်တန့်ဖို့ ရုရှားအစိုးရကိုလုံလောက်တဲ့ဖိအားမပေးနိုင်သေးဘူးဆိုတာ ဒီတိုက်ခိုက်မှုကိုကြည့်ရင်သိနိုင်တယ်လို့ နော်ဝေနိုင်ငံမှာရောက်နေတဲ့ ယူကရိန်းသမ္မတ ဇာလန်စကီးကထောက်ပြပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page