PPPပါတီအတွက် စစ်တပ်ကကိုယ်စားလှယ်လောင်း ၈ဦးတောင်းခဲ့ပေမယ့် စစ်တပ်ကမပေးခဲ့ဘူးလို့ ဒေါ်သက်သက်ခိုင်ပြော
- BVJ

- Oct 9
- 1 min read
ယူဂရင်း/BVJ_အောက်တိုဘာ ၉၊ ၂၀၂၅

အာဏာသိမ်းစစ်တပ်ဆီကနေ ပြည်သူ့ရှေ့ဆောင်ပါတီ-PPPအတွက် ရွေးကောက်ပွဲဝင်ပြိုင်ဖို့ စစ်တပ်အရာရှိကိုယ်စားလှယ် ၈ဦးတောင်းခဲ့ပေမယ့် မရခဲ့ဘူးလို့ ပါတီဥက္ကဌက ပြောပါတယ်။
“ဘိုင်နိမ်းနဲ့တောင်းလိုက်တာပါ။ တောင်းလိုက်တော့မပေးပါဘူးရှင်။ ဒါအမှန်အတိုင်းပါပဲ။ တပ်မတော်သား ၈ယောက်ကိုတောင်းတယ်။ ကာယကံရှင်တွေရဲ့ဆန္ဒလည်းရှိတယ်။ သို့သော်လည်း တပ်မတော်ကတော့ ကျမတို့ပါတီကိုမပေးပါဘူးရှင်။ သို့သော်လည်းပဲ ကျမတို့ပါတီမှာ တပ်မတော်သားတွေမရှိဘူးလားဆိုတော့ ရှိပါတယ်ရှင့်။ အဲ့ဒါကတော့ တပ်မတော်ကနေအနားယူပြီးတော့မှ အရပ်သားဖြစ်တာ၊ တပ်မတော်ကနေအနားယူပြီးတော့မှ အစိုးရဌာနတွေမှာ အရပ်ဘက်ဌာနတွေမှာအလုပ်လုပ်ပြီးတော့မှ ပင်စင်ယူပြီးတော့မှလာကြတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ်”လို့ အခု အောက်တိုဘာ ၈ရက်မှာ PPPပါတီကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီဟာ စစ်အုပ်စုကကျင်းပမယ့်ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီအဖြစ် ကိုယ်စားလှယ်လောင်း ၆၇၂ ဦး စာရင်းတင်သွင်းထားတာဖြစ်ပါတယ်။
သရုပ်ဆောင်နေလင်းရှိန်ဟာလည်း ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ်ပါဝင်ပြီး ပုဇွန်တောင်မြို့နယ်၊တိုင်းဒေသကြီးလွှတ်တော်အတွက် ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ သိရပါတယ်။

လာမယ့်ဒီဇင်ဘာ ၂၈ရက်မှာကျင်းပမယ့် စစ်အုပ်စုရဲ့ရွေးကောက်ပွဲအပိုင်း-၁မှာ စစ်တပ်က ဗိုလ်မှူးကြီးတွေနဲ့အရာရှိတွေကို ကြံ့ခိုင်ရေးပါတီနဲ့ တစညပါတီတို့ကို အမတ်လောင်းအဖြစ်စေလွှတ်ထားတယ်လို့ သိရပါတယ်။







Comments