ထောင် ၈နှစ်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားကိုအောင်ကိုဦး ထားဝယ်ထောင်တွင်း သေဆုံး
- BVJ

- Oct 7
- 1 min read
BVJ/ဇော်_အောက်တိုဘာ ၇၊ ၂၀၂၅

တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှာ နှလုံး၊ ဆီးချို၊ ကျောက်ကပ်ရောဂါတို့နဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး အောက်တိုဘာလ ၃ ရက်နေ့မှာကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ အောက်တိုဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အကျဉ်းထောင်အတွင်း ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦးဟာ ၂၀၂၁ ခုနှစ် မေလ (၁၄) ရက်နေ့မှာ ထားဝယ်မြို့နယ်အတွင်းက ရှင်မုတ္ထီးရွာနေအိမ်မှာ စစ်ကောင်စီတပ်ကလာရောက်ဖမ်းဆီးခဲ့ပြီး ၅၀၅ (က)၊ ပေါက်ကွဲ-၅ ပုဒ်မတို့နဲ့ ထောင်ဒဏ် (၈) နှစ်ကျခံနေရသူဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသား ကိုအောင်ကိုဦးကျဆုံးမှုဟာ အကျဉ်းထောင်ပြင်ပမှာရောဂါအခံရှိခဲ့ပေမယ့် ထောင်တွင်းထားရှိတဲ့အခြေအနေတွေ၊ အာဟာရပြည့်ဝတဲ့ အစားအစာမရရှိတာတွေ၊ သောက်သုံးရေ သန့်ရှင်းမှုမရှိတာတွေကြောင့် ရောဂါအခြေအနေပိုဆိုးလာပြီး အခုလိုကျဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“ကိုအောင်ကိုဦးက ထောင်ပြင်ပမှာတည်းက ရောဂါအခံရှိတယ်လို့ကျွန်တော်တို့သိရပါတယ်။ ကျောက်ကပ်ပိုပြီးဆိုရွားလာတဲ့အခြေအနေကတော့ အကျဉ်းထောင်ထဲရောက်ပြီးနောက်ပိုင်းမှာမှ ပိုပြီးမှ ဆိုးရွားလာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ကိုအောင်ကိုဦးဟာ မကြာခဏဆိုသလို အကျဉ်းထောင်ပြင်ပ ဆေးရုံတွေမှာ သွားရောက်ကုသခွင့်ရခဲ့တဲ့အခြေအနေတွေရှိခဲ့ပေမယ့် ထောင်တွင်းရဲ့ နဂိုမူလထားမှုပုံစံက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အခြေအနေမရှိတာ သောက်သုံးရေရှားပါးမှုကအစ ထောင်တွင်းမှာ ဆရာဝန်လုံလောက်မှုမရှိတာ၊ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု ခေတ်မီစွာမပေးနိုင်တဲ့အခြေအနေတွေကြောင့် ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်” လို့ PPNMတာဝန်ရှိသူ ကိုသိုက်ထွန်းဦးက Burma VJ ကိုပြောပါတယ်။
အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိတဲ့အခြေအနေကြောင့် ကျဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား/သူ အရေအတွက်ဟာ အခု ၂၀၂၅ ခုနှစ်ထဲမှာ အနည်းဆုံး (၂၄)ဦးအထိရှိနေပြီး နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသားအားလုံး ကျန်းမာစွာအသက်ရှင်နေထိုင်နိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုကိုအဓိကလုပ်ပေးနိုင်တဲ့ အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ကျန်းမာရေးဝန်ထမ်းတွေက ဝိုင်းဝန်းစောင့်ရှောက်ပေးကြဖို့လိုအပ်တယ်လို့လည်း ကိုသိုက်ထွန်းဦးကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ကလည်း သရက်အကျဉ်းထောင်မှာ ညွှန်မှူးလမ်းကြောင်းရှိနေလို့ဆိုပြီး အရေးပေါ်လူနာကိုအချိန်မီဆေးကုသခွင့်မပေးခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသား ကိုကျော်လင်းအောင် ကျဆုံးခဲ့ရပါသေးတယ်။







Comments