ဖုန်းပြောဆိုမှုတစ်ခု၊ စာအုပ်နှစ်အုပ်နဲ့ စာတစ်စောင်ဟာ ပြုပြင်ပြောင်းလဲမှုရဲ့ လက္ခဏာတွေ မဟုတ်ပါ


အေတီ/BVJ
"သားဖြစ်သူနဲ့ ဖုန်းပြောရတာ သို့မဟုတ် ဗြိတိန်ဘုရင် ချားလ်စ် ဆီက စာရတာတွေကို ပြုပြင်ပြောင်းလဲမှုရဲ့ လက္ခဏာတွေလို့ ထင်မှတ်တဲ့ ထောင်ချောက်ထဲ မကျရောက်ကြပါနဲ့။ ဒါတွေကို ကြိုဆိုသင့်ပေမဲ့ လူထုဆက်ဆံရေး (PR) ပရိယာယ်တစ်ခုအဖြစ်ပဲ ရှုမြင်ရပါမယ်။"
လွန်ခဲ့တဲ့ ၅ နှစ်ကျော် အာဏာသိမ်းချိန်ကတည်းက မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရခဲ့ရသူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ထိန်းသိမ်းခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့သားဖြစ်သူ ကိုထိန်လင်း (Kim Aris) နဲ့ ပြီးခဲ့တဲ့ သတင်းပတ်တုန်းက ဖုန်းပြောဆိုခွင့် ရရှိခဲ့ပါတယ်။
အဲဒီမတိုင်မီ ရက်ပိုင်းကလည်း ဗြိတိန်ဘုရင် ချားလ်စ်ဆီက ပေးပို့တဲ့ စာတစ်စောင်နဲ့ စာအုပ်နှစ်အုပ် ဒေါ်အောင်ဆန်းစုကြည်ဆီ ရောက်ရှိခဲ့တယ်ဆိုတဲ့အကြောင်း စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
၅ နှစ်ကြာ ထိန်းသိမ်းခံထားရပြီးနောက် အကျဥ်းကျခံနေရတဲ့ မိခင်တစ်ယောက်အနေနဲ့ သားဖြစ်သူနဲ့ စကားပြောခွင့်ရတာ၊ ဘုရင်မင်းမြတ်ဆီက စိုက်ပျိုးရေးဆိုင်ရာ စာအုပ်တွေ လက်ခံရရှိတာ တွေဟာ ဝမ်းမြောက်စရာ ကိစ္စတစ်ခု ဖြစ်ပါတယ်။
ဒီလို သက်သာရာရမှု သေးသေးလေးတွေက သူ့ရဲ့ ထိန်းသိမ်းခံရတဲ့ ကာလကို အနည်းငယ် စိတ်သက်သာရာ ရစေနိုင်ပါတယ်။ ဘုရင် ချားလ်စ် ရဲ့ လုပ်ဆောင်ချက်ကလည်း ဂရုစိုက်မှုနဲ့ ဂရုဏာတရားကို ဖော်ပြနေတာပါ။
ဒါပေမဲ့ ဒီအတွက် စစ်ကောင်စီကို ဘာမှအမှတ်ပေးဖို့မလိုသလို အသိအမှတ်ပြုလို့မရပါဘူး။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်သား ကိုထိန်လင်း ပြောသလိုပဲ ပြီးခဲ့တဲ့နှစ် အတုအယောင် ရွေးကောက်ပွဲအပြီးမှာ ရာဇ ဝတ်သားစစ်အုပ်စုကို တရားဝင်အစိုးရဖြစ်အောင် နိုင်ငံတ ကာအသိအမှတ်ပြုမှုရဖို့ စစ်ကောင်စီရဲ့ ပြည်သူ့ဆက်ဆံရေး (PR) ပရိယာယ်တစ်ခုပဲ ဖြစ်ပါတယ်။
မိခင်ဖြစ်သူ အခု လက်ရှိ ဘယ်မှာရှိနေသလဲဆိုတာကို အခုထိ မသိရသေးဘူးလို့ ကိုထိန်လင်း (Kim Aris) က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်ကလူတွေ စိုးရိမ်ခဲ့ရတာထက်စာရင် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပိုကောင်းနေပုံရပေမဲ့ လက်တွေ့မှာတော့ တစ်ယောက် တည်း သီးခြား ခွဲခြား ထိန်းသိမ်းခံထားရတုန်းပါပဲ။ ဒီနှစ် အစောပိုင်းတုန်းက ထောင်ထဲကနေ နေအိမ်အကျယ်ချုပ်ဆီ ပြောင်းရွှေ့ခံခဲ့ရပေမဲ့ သူ့ကို ထိန်းသိမ်းထားတဲ့ အစောင့်တွေနဲ့ပဲ တွေ့ထိခွင့် ရနေပုံရပါတယ်။

သားဖြစ်သူနဲ့ ဖုန်းပြောခွင့် ရတာ၊ ဘုရင် ချားလ်စ် ဆီက စာရတာ စတဲ့ တိုးတက်မှု သေးသေး လေးတွေကို တုံ့ပြန်တဲ့အခါ သတိထားရပါတယ်။ ဒီလို ခြေလှမ်းတွေကို လျစ်လျူ မရှုချင်သလို၊ တစ်ဖက်မှာလည်း ဒါတွေဟာ ခြေလှမ်းသေးသေးလေးတွေပဲ ဖြစ်တယ်ဆိုတာကို နားလည်ရမှာဖြစ်ပြီး မတရား ဖမ်းဆီးထားတဲ့ စစ်အုပ်စုကိုလည်း ခရက်ဒစ် ပေး အသိအမှတ်ပြုလို့ မရပါဘူး။
ရှင်းရှင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းထောင်ထဲမှာ လုံးဝ မရှိသင့်တဲ့သူပါ။ ဖတ်ချင်တဲ့ စာအုပ်နဲ့ လက်ခံချင်တဲ့ ဖုန်းကောတွေကို လွတ်လပ်စွာ လက်ခံခွင့် ရှိရပါမယ်။ ချစ်ခင်ရသူတွေနဲ့ အချိန်မရွေး စကားပြောခွင့် ရှိရမှာဖြစ်သလို၊ စာဆက်သွယ်ချင်တဲ့ နိုင်ငံတော် အကြီးအကဲတွေနဲ့လည်း လွတ်လပ်စွာ အကူးအသန်း လုပ်ပိုင်ခွင့် ရှိရပါမယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၅,၀၀၀ ကျော်ထဲက တစ်ယောက်ဖြစ်ပြီး၊ အတော်များများဟာ နေအိမ်အကျယ်ချုပ်ထက် ပိုမို ရက်စက်တဲ့ ထိန်းသိမ်းမှုတွေကို ကြုံတွေ့နေရတယ်ဆိုတာ သတိပြုကြရပါမယ်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက လူပေါင်း ၃၀,၀၀၀ ကျော် ထိန်းသိမ်းခံခဲ့ရပြီး ၁၅,၀၀၀ ကျော်ဟာ ဆိုးရွားတဲ့ အခြေအနေတွေ၊ ရက်စက်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အကျဉ်းထောင်တွေထဲ ကျန်ရှိနေဆဲပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်း ဒီမိုကရေစီ တိုက်ပွဲရဲ့ ခေါင်းဆောင်အဖြစ် အထင်ကရ အဖြစ်ဆုံးသူမို့ အခြားသူတွေ မရတဲ့ အခွင့်အရေးအချို့ ရရှိနေတာ ဖြစ်ပါတယ်။ သူနဲ့သူ့မိသားစုရဲ့ ပေးဆပ်မှုဟာ ရင်နင့်စရာပါပဲ။ သူ့ရဲ့ ဗြိတိန်နိုင်ငံသား ခင်ပွန်း ကင်ဆာရောဂါနဲ့ ကွယ်လွန်ချိန်မှာတောင် သွားရောက်တွေ့ဆုံခွင့် သို့မဟုတ် ဈာပနတက်ရောက်ခွင့် မရခဲ့ဘဲ လွန်ခဲ့တဲ့ နှစ်များစွာအတွင်းမှာ သူ့ဘဝကို ထိန်းသိမ်းခံရင်း ကုန်ဆုံးခဲ့ရတာပါ။
ဒါပေမဲ့ မြန်မာနိုင်ငံက အခြား နိုင်ငံရေးအကျဉ်းသား အများစုဟာ သူတို့ရဲ့ ချစ်ခင်ရသူတွေနဲ့ ဖုန်းပြောခွင့် လုံးဝမရကြဘဲ ဘုရင်တစ်ပါးဆီက စာရဖို့ဆိုတာ စိတ်ကူးယဉ်လို့တောင် မရတဲ့ အိပ်မက်တစ်ခုပါပဲ။ ထိန်းသိမ်းခံရစဉ်အတွင်း နှိပ်စက်ခံရမှုနဲ့ လျစ်လျူရှုခံရမှုတွေကြောင့် သေဆုံးခဲ့ရသူ အရေအတွက်ကလည်း မနည်းတော့ပါဘူး။

ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်ကောင်စီဟာ အရပ်သားတွေအပေါ် နေ့စဉ်နဲ့အမျှ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။ မိမိပြည်သူ ၁ သိန်းထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး၊ ပြည်သူ ၄ သန်းထက်မနည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ အိမ်တွေ၊ ဘုရား ကျောင်းတွေ၊ ဗလီတွေ၊ စေတီပုထိုးတွေ၊ ကျောင်းတွေနဲ့ ဆေးရုံတွေကို နေ့စဉ် ဗုံးကြဲနေတာပါ။
မြန်မာစစ်အုပ်စုဟာ ခရစ်ယာန်ဘာသာဝင် အများစုဖြစ်တဲ့ ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ နဲ့ ဗုဒ္ဓဘာသာဝင် အများစုဖြစ်တဲ့ ရှမ်း၊ မွန်၊ ရခိုင် အပါအဝင် တိုင်းရင်းသားလူမျိုးတွေအပေါ် စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ထား တဲ့သူတွေဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၁၂ ကနေ ၂၀၁၈ အထိ ရွာတွေကို မီးရှို့၊ အမျိုးသမီးတွေကို ညှဉ်းပန်းနှိပ်စက် မုဒိမ်းကျင့်၊ ကလေးတွေကို မီးထဲ ပစ်ချခဲ့တဲ့ စနစ်တကျ ပြုလုပ်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ် မှုတွေကြောင့် မူဆလင်အများစုဖြစ်တဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ အပြည် ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုခံထားရပါတယ်။ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွဲဆိုထားတဲ့ ဒီအမှုနဲ့ ပတ်သက်လို့ တရားရုံးက မကြာမီ ဆုံးဖြတ်ချက်ချဖို့ မျှော်လင့်ရပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ဆိုးတွေဟာ လွန်ခဲ့တဲ့ ခုနစ်စုနှစ် များစွာကတည်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ဆိုးတွေကို ပိုမို ပြင်းထန်စွာ တကျော့ပြန် ကြုံတွေ့နေရတာဖြစ်ပြီး အမြဲလိုလို လျစ်လျူရှုခံခဲ့ရတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဖြစ်ရပ်ဆိုးကြီးထဲမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။ မြန်မာ့လွတ်လပ်ရေးရဲ့ ပြယုဂ်ဖြစ်တဲ့ သူ့ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာလည်း ၁၉၄၇ ခုနှစ်မှာ နယ်ချဲ့အုပ်ချုပ်မှုအောက်ကနေ မြန်မာနိုင်ငံကို လွတ်လပ်ရေးဆီ ဦးဆောင်ဖို့ ပြင်ဆင်နေစဉ် လုပ်ကြံခံရသည်အထိ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖြစ်ရပ်ဆိုးတွေရဲ့ အဓိက အစိတ်အပိုင်း ဖြစ်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးကတည်းက မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းမှုအလီလီနဲ့ စစ်တပ်ရဲ့ ရက်စက်တဲ့ အုပ်ချုပ်မှုတွေကိုပဲ အဆက်မပြတ် ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံကိစ္စကို ကိုင်တွယ်ရာမှာ အမှားများစွာ ကျူးလွန် ခဲ့ဖူးပါတယ်။ အခုလည်း အမှားပြန်လုပ်မိမယ့် အန္တရာယ် ရှိနေပါတယ်။
သားဖြစ်သူနဲ့ ဖုန်းပြောရတာ သို့မဟုတ် ဘုရင် ချားလ်စ် ဆီက စာရတာတွေကို ပြုပြင်ပြောင်းလဲမှုရဲ့ လက္ခဏာတွေလို့ ထင်မှတ်တဲ့ ထောင်ချောက်ထဲ မကျရောက်ကြပါနဲ့။ ဒါတွေကို ကြိုဆိုသင့်ပေမဲ့ လူထုဆက်ဆံရေး (PR) ပရိယာယ်တစ်ခုအဖြစ်ပဲ ရှုမြင်ရပါမယ်။
စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား ၁၅,၀၀၀ စလုံးကို ချက်ချင်း၊ ခြွင်းချက်မရှိ လွှတ်ပေးပြီး ပြည်သူတွေကို ဗုံးကြဲတာတွေ ရပ်တန့်မချင်း မြန်မာနိုင်ငံမှာ ထိရောက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။
စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး သတ်ဖြတ်တာ၊ အိုးအိမ်စွန့်ခွာစေတာတွေကို ရပ်တန့်လိုက်ရင်တော့ ဆွေးနွေးပွဲတွေအတွက် အကြောင်းပြချက် ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ စစ်ဝတ်စုံကနေ အရပ်ဝတ် ပြောင်းထားတဲ့ တရားမဝင် စစ်အုပ်စုကို တရားဝင်ဖြစ်အောင် လုပ်ဖို့ မဟုတ်ဘဲ စစ်မှန်တဲ့ ဒီမိုကရေစီဆီ သွားရာ လမ်းကြောင်းအတွက်ပဲ ဖြစ်ရပါမယ်။
အဲဒီအချိန်မရောက်ခင်အချိန်အထိ အခြားသော ခြေလှမ်းသေးသေးလေးတွေကို လူသားချင်းစာနာမှု အကူအညီအနေနဲ့ပဲ သဘောထားသင့်ပြီး PR ပရိယာယ်တွေအဖြစ် အသိအမှတ်မပြုရမှာ ဖြစ်သလို စစ်အုပ်စုကိုလဲ ဘယ်တော့မှ တရားဝင်အောင် မလုပ်ပေးသင့်ပါဘူး။
စစ်အုပ်စုအနေနဲ့ အာဏာစွန့်လွှတ်ခြင်း၊ အကျဉ်းသားတွေကို လွှတ်ပေးခြင်း၊ ပြည်သူတွေကို ဗုံးကြဲတာနဲ့ ညှဉ်းပန်းနှိပ်စက်တာတွေကို ရပ်တန့်ခြင်း မရှိသလို၊ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသမျှ ကာလပတ်လုံး မြန်မာနိုင်ငံဟာ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး
( ယခုဆောင်းပါးဟာ UCA News သတင်းဌာနမှာဖော်ပြထားတဲ့ ဘဲနက်ဒစ် ရော့ဂျားစ် (Benedict Rogers)ရဲ့ “A phone call, two books and a letter are no signs of reform” ဆိုတဲ့ ဆောင်းပါးကို ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။ )




Comments