top of page

ပုဂံ-ညောင်ဦးက ရွာတွေကိုစစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရင်း PDF ၁၁ဦး ကျဆုံးခဲ့

  • Writer: BVJ
    BVJ
  • Jul 17, 2025
  • 1 min read

◾ကျဆုံးရဲဘော်တွေထဲ CDMကျောင်းဆရာတစ်ဦး ပါဝင်


BVJ/ဇော် - ဇူလိုင် ၁၁ ၊ ၂၀၂၅။

PPGF ကတိုက်ပွဲဝင် ရဲဘော်များ
PPGF ကတိုက်ပွဲဝင် ရဲဘော်များ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်နဲ့တောင်သာမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် (၁၁) ဦး ကျဆုံးခဲ့တယ်လို့ တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ Popa Production & Guerilla Force – PPGF က မနေ့က ဇူလိုင်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။


အခုနှစ် ဇွန် ၂၂ ရက်ကစပြီး တောင်သာမြို့နယ် ကင်းဇလုပ်ကျေးရွာ၊ ညောင်ဦးမြို့နယ်တွင်းက မောင်းဂွတ်တောရွာနဲ့ တောင်တောရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးနေချိန်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပြီး အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်ကျဆုံးမှု များပြားခဲ့တာဖြစ်ပါတယ်။

PPGF ကတိုက်ပွဲဝင် ရဲဘော်များ
PPGF ကတိုက်ပွဲဝင် ရဲဘော်များ

ဇွန်လ ၂၆ရက်နေ့က တောင်သာမြို့နယ်၊ ကင်းဇလုပ်ရွာကို မီးရှို့နေချိန် Popa – PGFနဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်ကနေ MI-35 လေယာဉ်နဲ့ သုံးကြိမ်တိုင်ပစ်ခတ်လမ်းဖွင့်ပေးခဲ့ကြောင်းနဲ့ အဲ့ဒီထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၃၀) ဦးခန့်သေဆုံးထိခိုက်ခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်းအချို့၊ ၆၀မမအသီးတွေနဲ့ RPG တစ်ဖူးသိမ်းဆည်းရမိတယ်လို့ သိရပါတယ်။


အခုလ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်ကမီးရှို့ဖျက်နေတဲ့ မောင်းဂွတ်တောရွာက စစ်ကောင်စီတပ်အဖွဲ့ကို တော်လှန်ရေးအင်အားစုတွေဘက်က ထပ်မံတိုက်ခိုက်ရာကြောင့် စစ်ကောင်စီတပ်သား သုံးဦးထွက်ပြေးလွတ်မြောက်ကာ ရွာပုလဲကျေးရွာ စစ်ကြောင်းနဲ့ သွားရောက်ပူးပေါင်းခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်က နယ်မြေခံတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းချိန်မှာ ရဲဘော်တစ်ဦးပိတ်မိခဲ့တယ်လို့ သိရပါတယ်။


ဇူလိုင် ၂ ရက်နေ့မှာတော့ တောင်တောကျေးရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးနေတဲ့သတင်းရလို့ ကာကင်းသွားရောက်ချိန် ကင်းပုန်းဝပ်နေတဲ့ ရဲကွန်မန်ဒိုတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးအင်အားစုဘက်က ရဲဘော်(၁၀)ဦးကျဆုံးခဲ့ပြီး (၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း (၁၀) ဦးသေဆုံးပြီး (၁၀) ဦးဝန်းကျင်ခန့် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


“စစ်ကောင်စီဘက်က သေဆုံးတာကတော့ အချုပ်အားဖြင့် စဖြစ်တဲ့နေ့ကတည်းကဆိုရင်တော့ စုစုပေါင်း ၄၀ ဦး ဝန်းကျင်လောက်ဖြစ်မယ်ဗျ။ အချို့ကဆေးရုံမှာလည်း သေဆုံးတယ်လို့ သိရပါတယ်။ ကျွန်တော်တို့ဘက်ကကျဆုံးတာက တိုက်ပွဲတွင်းကတော့ ရဲဘော် ၁၀ ဦးဗျ။ ၁ ရက်နေ့က ပိတ်မိသွားတဲ့ရဲဘော်ရဲ့ ရုပ်အလောင်းကိုပြန်လည်ရရှိခဲ့ပါတယ်ဗျ။ ၁ ဦးကတော့ ပြင်းထန်ဒါဏ်ရာနဲ့ ၄ ရက်နေ့မှာမှကျဆုံးခဲ့တာပါ။ ကျဆုံးခဲ့ရတဲ့အကြောင်းကတော့ ထိပ်တိုက်တွေ့ဆုံမှုမှာ ရန်သူ့ဘက်ကနေရာပစ်ကွင်းသာသွားတာရယ် အင်အားအရမ်း ကွာခြားတာရယ်ကြောင့်ပါဗျ” လို့ Popa – PGF အဖွဲ့တာဝန်ရှိသူတစ်ဦးက Burma VJ ကို ပြောပါတယ်။

PPGF ကတိုက်ပွဲဝင် ရဲဘော်များ
PPGF ကတိုက်ပွဲဝင် ရဲဘော်များ

Popa Production & Guerilla Force - PPGF က ကျဆုံးရဲဘော်သုံးဦးဟာ ရဲဘော်ဘဦး (အသက် ၃၀ နှစ်)၊ ရဲဘော်နဂါး (အသက် ၁၈ နှစ်)၊ ရဲဘော်ရဲခေါင် (အသက် ၂၉ နှစ်)တို့ဖြစ်ပြီး အဲ့ဒီထဲကတစ်ဦးဟာ CDM ကျောင်းဆရာဖြစ်တယ်လို့ သိရပါတယ်။


ရဲဘော်၁၁ ဦးကျဆုံးမှုအတွင်း ကျန်တဲ့ရဲဘော်တွေဟာ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ပုဂံဘီလူး(ညောင်ဦးမြို့နယ် ပကဖ)၊ ညောင်ဦးခရိုင်-တပ်ရင်း ၅၊ မြင်းခြံခရိုင် တပ်ရင်း ၃ က ရဲဘော်တွေလို့ သိရပါတယ်။


ဓါတ်ပုံ- Popa Production & Guerilla Force – PPGF ကတိုက်ပွဲဝင် ရဲဘော်များ

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page