ပုဏ္ဏားကျွန်း၊ယိုးငူရွာစျေး လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူအရေအတွက်တိုးလာ
- BVJ

- Feb 25
- 1 min read
အေတီ/BVJ_ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်တွင်းက ယိုးငူကျေးရွာစျေးတန်းကို အာဏာသိမ်းစစ်အုပ်စုက ဒီနေ့ ဖေဖော်ဝါရီ ၂၄ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးသူ ၁၇ ဦးထိရှိသွားပြီး ဒဏ်ရာရတဲ့သူက ၁၄ဦးရှိတယ်လို့ စာရေးဆရာဝေဟင်အောင်က BVJကို အတည်ပြုထားပါတယ်။
အွန်လိုင်းပေါ်က ဗီဒီယိုဖိုင်တစ်ခုမှာလည်း မိခင်လို့ယူဆရတဲ့ အမျိုးသမီးတစ်ဦးက ခေါင်းမှာဒဏ်ရာရထားတဲ့ ကလေးငယ်တစ်ဦးကိုပွေ့ချီထားပြီး အကူအညီတောင်းခံနေတာတွေ့ရပါတယ်။ အာဏာသိမ်းစစ်အုပ်စုက ဒီနေ့မွန်းလွဲပိုင်းနှစ်နာရီကျော်မှာ ယိုးငူရွာစျေးတန်းကိုဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံး ဒဏ်ရာရတဲ့သူတွေထဲ ကလေးငယ်အများစုပါဝင်ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယိုးငူရွာစျေးတန်းထဲက စျေးဆိုင်တော်တော်များများမီးလောင်သွားပြီး နေအိမ်၊ အဆောက်အအုံအချို့ဆုံးရှုံးမှုဖြစ်ပွားခဲ့တယ်လို့ အာရက္ခတပ်တော် သတင်းနဲ့ပြန်ကြားရေးအဖွဲ့က ကနဦးသတင်းထုတ်ပြန်ထားပြီး အသေးစိတ်ကို ထပ်မံတင်ပြသွားမယ်လို့သိရပါတယ်။
အာဏာသိမ်းစစ်အုပ်စုက မြန်မာနိုင်ငံအနှံ့အပြားက အရပ်သားပစ်မှတ်တွေကို အဓိကထားလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီး ရခိုင်ပြည်နယ်တွင်းကဆေးရုံနဲ့စာသင်ကျောင်းတွေကို တိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။
၂၀၂၅ခုနှစ် စက်တင်ဘာ ၁၂ရက်က စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့နယ်၊သရက်တပင်ကျေးရွာက ပုဂ္ဂလိကစာသင်ကျောင်းက ကျောင်းသား၊ကျောင်းသူ ၂၀ ဦးသေဆုံးခဲ့ပြီး ၂၁ ဦးအထိ အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ ၁၀ ရက်နေ့ ညမှာစစ်အုပ်စုက မြောက်ဦးပြည်သူ့ဆေးရုံကြီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနာနဲ့ကျန်းမာရေးဝန်ထမ်း သေဆုံးသူ စုစုပေါင်း ၃၄ ဦးသေဆုံးခဲ့ပြီး ၇၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။




Comments