ပုဏ္ဏားကျွန်းမြို့နယ်ကျေးရွာသုံးခုကို စစ်အုပ်စုဗုံးကြဲ၊ ၅ ဦးသေဆုံးပြီး ဒဏ်ရာရသူများပြား
- BVJ

- Nov 10
- 1 min read
BVJ/ဂျိုး_ နိုဝင်ဘာ ၇၊ ၂၀၂၅

ရခိုင်ပြည်နယ်အတွင်းက အာရက္ခတပ်တော်-AAထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာကို ဒီကနေ့ မနက်ပိုင်း၁၁နာရီကျော်လောက်မှာ စစ်အုပ်စုကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံးအရပ်သား ၅ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိတယ်လို့ ဒေသခံကပြောပါတယ်။
“ယိုးတရုပ်ရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးဆက်တိုက်ကြဲချခဲ့တာ သေဆုံးတာကတော့လက်ရှိသိရသလောက် မိန်းကလေး ၄ဦးနဲ့ ယောကျာ်း ၁ဦး ငါးဦးအထိအတည်ပြုလို့ရတယ်။ ထိခိုက်ဒဏ်ရာရတာလည်းများတယ်”လို့ ပြောပါတယ်။

တချိန်ထဲမှာပဲ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက အောင်ဖြူပြင်ကျေးရွာကိုလည်း စစ်အုပ်စုကအသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ ဒါ့အပြင် စစ်တွေမြို့ ခမရ ၃၄၄ကနေလည်း ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာအနီးမှာရှိတဲ့ ပန်းနီလာကျေးရွာနဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလေးဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ပါတယ်။







Comments