လွတ်ရက်စေ့ နိုင်ကျဥ်း ၅ ဦး နောက်မှုနဲ့သာယာဝတီထောင်ထဲပြန်ထည့်ခံရ
- BVJ

- Oct 2, 2025
- 1 min read
BVJ/ဇော် - စက်တင်ဘာ ၁၊ ၂၀၂၅

ပဲခူးတိုင်း၊သာယာဝတီအကျဉ်းထောင်ကနေလွတ်ရက်စေ့လို့ ဒီနေ့လွှတ်ပေးရမယ့် နိုင်ငံရေးအကျဉ်းသူ (၁) ဦးနဲ့ နိုင်ငံရေးအကျဉ်းသား (၄)ဦးကို စစ်ကောင်စီက နောက်မှုကပ်ပြီး ထောင်ထဲပြန်ထည့်ထားတယ်လို့ သတင်းရရှိပါတယ်။
နောက်မှုကပ်ခံရတဲ့ နိုင်ငံရေးအကျဥ်းသား(၅)ဦး သာယာဝတီထောင်ထဲပြန်ထည့်ခံရတယ်ဆိုတဲ့ သတင်း နိုင်ငံရေးအကျဥ်းသူဟောင်း ကမ္ဘာညိုက Burma VJ ကို အတည်ပြုပါတယ်။
“ရဲစခန်းက ထောင်ပိုင်ကိုအကြောင်းကြားပြီး နောက်မှုနဲ့ထောင်ထဲပြန်ထည့်လိုက်တာပါ။ ထောင်ကလွတ်မှ အခုလို စိတ်ကိုယ်နှစ်ပါး ဒုက္ခပေးကြတာ။တကယ်ဆို အမှုအားလုံးရှိရင် စဖမ်းကထည်း က အကုန်စုပြောကပ်ရမှာလေ။ငွေပတ်ညှစ် ထောက်ထား မြုပ်ထား ရစ်စား ရှေ့မှု ပစ်ချပြီး သပ်သပ်လုပ်တာပါ။ ရဲနဲ့ တရားသူကြီး ပေါင်းလုပ်ကြတာပါ”လို့ နိုင်ငံရေးအကျဥ်းသူဟောင်းကမ္ဘာညိုက ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ၁ ရက်နေ့က သာယာဝတီအကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့လွတ်မြောက်လာတဲ့ နိုင်ငရေးအကျဥ်းသား ၁၃ဦးထဲက နိုင်ငံရေးအကျဉ်းသူ (၁) ဦးနဲ့ နိုင်ငံရေးအကျဉ်းသား (၄)ဦး အကျဉ်းထောင်ဗူးဝမှာ ပုဒ်မ၅၂(က)နဲ့ နောက်မှုကပ်ခံရပြီး ထောင်ထဲပြန်ထည့်ခံလိုက်ရတာဖြစ်ပါတယ်။
နောက်မှုကပ်ပြီးထောင်ထဲပြန်ထည့်ခံရတဲ့ ၆ ဦးထဲမှာ တင်စိုး(ခ)နတ်ဆိုးနဲ့ သူ့ရဲ့ဇနီးဖြစ်သူ မမေမြတ်သူတို့ ပါဝင်ပါတယ်။
မမေမြတ်သူ နောက်မှုကပ်ပြီး ထောင်ထဲပြန်ထည့်ခံရတာနဲ့ပတ်သက်ပြီး သူနဲ့ရင်းနီးတဲ့အမည်မဖော်လိုသူ မြန်မာပြည်တွင်းကနိုင်ငံရေးအကျဥ်းသူဟောင်းတစ်ဦးကလည်း သူ့ဖေ့စ်အကောင့်ကတဆင့် အခုလိုပြောပါတယ်။
“သာယာဝတီအကျဉ်းထောင်၊ ၄-ဆောင် (၃ပေါ်) မမေမြတ်သူ (ဘ) ဦးအောင်ကျော်ဆင့် ကို သာယာဝတီရဲစခန်းက ပြန်ခေါ်ထားလိုက်ပါတယ်တဲ့။ သေချာပါတယ်…နောက်မှုပါပဲ။ တွေးကြည့်ရုံနဲ့တင် ဘယ်လောက်ခံစားနေရမလဲ မြင်ယောင်မိတယ်။လူတွေကို သတ်တယ်။ စိတ်တွေကို သတ်တယ်။ မျှော်လင့်ချက်တွေကို သတ်တယ်”
လွတ်ရက်စေ့လို့ ပြန်လွှတ်ပေးရမယ့် နိုင်ငံရေးအကျဉ်းသူ/သားတွေကို စစ်ကောင်စီကနောက်မှုနဲ့ထောင်ထဲပြန်ထည့်နေတဲ့ကိစ္စ အရင်ကလည်း ရှိထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့က ၅၀၅ (က)၊ ၁၇(၁) တို့နဲ့ ထောင်ခြောက်နှစ် ချမှတ်ခံထားရတဲ့ NLD ပါတီ ဗဟိုလူငယ်တာ၀န်ခံ မမိုးဆန်းစုကြည်ကိုလဲ လွတ်ရက်စေ့နေပေမယ့် ပြန်မလွတ်ပေးပဲ ၅၂ (က) နဲ့ နောက်မှုကပ်ပြီး ဆက်လက်ဖမ်းဆီးထားပါတယ်။ဒါ့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ် မချယ်ရီထက်ဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ လွတ်ရက်စေ့နေပေမယ့် ယခုအချိန်အထိ ပြန်မလွတ်သေးဘဲ ရမည်းသင်းအကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရဆဲဖြစ်ပါတယ်။
စစ်ကောင်စီဟာ လွတ်ရက်စေ့လို့လွှတ်ပေးရမယ့် နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ဗူးဝမှာပုဒ်မအမျိုးမျိုးတပ် ပြန်လည်ဖမ်းဆီးအမှုတပ်တာတွေကို ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေပြီး မမိုးဆန်းစုကြည်နဲ့ မချယ်ရီထက်အပါအဝင် ပြန်လည်ဖမ်းဆီးခံသူ (၇၄)ဦးရှိနေပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ထားပါတယ်။







Comments