top of page

ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်‌မြောက်ရေး ဥရောပသမဂ္ဂသံရုံး တောင်းဆို

  • Writer: BVJ
    BVJ
  • 13 minutes ago
  • 1 min read

ယူဂရင်း/BVJ_မတ် ၅၊ ၂၀၂၆

နိုင်ငံရေးအကျဉ်းသားတွေ အများအပြားလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အမှုတွဲတွေကိုပိတ်သိမ်းလိုက်တာကို ကြိုဆိုတယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ဥရောပသမဂ္ဂသံရုံးက ဒီနေ့ မတ်လ ၅ရက်မှာဖော်ပြလာပါတယ်။

တဆက်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်‌မြောက်ရေး၊ အကြမ်းဖက်မှုလျော့ချရေးနဲ့ အားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးဆွေးနွေးပွဲ စတင်နိုင်ရေးတို့ကို ဆက်လက်ထောက်ခံအားပေးတယ်လို့လည်း ပြောထားပါတယ်။


အာဏာသိမ်းစစ်အုပ်စုဟာ အခု မတ်လ ၂ရက်နေ့ တောင်သူလယ်သမားနေ့အထိမ်းအမှတ်အဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)နဲ့ ပုဒ်မ ၅၂(က) တို့အရ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား /အကျဉ်းသူ စုစုပေါင်း ၇,၃၃၇ ဦးကိုလွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ကြေညာခဲ့ပြီး အဲ့ဒီပုဒ်မတွေနဲ့ တရားစွဲခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေရသူ ၁၂၄၈၇ဦးကိုလည်း အမှုပိတ်သိမ်းပေးလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။


ဒါပေမယ့် စစ်အုပ်စုရဲ့လွတ်ငြိမ်းစာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုတရားစွဲဆိုထောင်ချထားတဲ့ ပုဒ်မတွေမပါဝင်သလို ပြစ်ဒဏ်လျော့ပေါ့မှုမှာလည်းမပါဝင်ခဲ့ပါဘူး။


စစ်အုပ်စုက အမှုပေါင်း ၁၉မှုနဲ့တရားစွဲဆိုပြီး ထောင် ၃၃နှစ်ချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုနှစ်ထဲမှာ အသက် ၈၁နှစ်ပြည့်တော့မှာဖြစ်ပါတယ်။ အသက်အရွယ်အရ‌ရော၊ အမေဖြစ်သူကျန်းမာရေးအတွက်ရော စိုးရိမ်နေတဲ့သားဖြစ်သူ ကင်အဲရစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ကိုတောင်းဆိုနေသလို ပြည်တွင်းနိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံတကာခေါင်းဆောင်တွေကလည်းတောင်းဆိုနေကြပါတယ်။


စစ်အုပ်စုဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး၊ ဖမ်းဆီးထောင်ချထားတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ငါးနှစ်လုံးမှာထုတ်ပြောတာမျိုးမရှိဘဲ ပြင်ပနဲ့အဆက်အသွယ်ဖြတ်ထားပြီးနောက် ကင်အဲရစ်က အမေဖြစ်သူကွယ်လွန်ပြီးဖြစ်နိုင်တယ်လို့ အင်တာဗျူးမှာ‌ပြောခဲ့ပါတယ်။

အဲ့ဒီနောက် ၂၀၂၅၊ ဒီဇင်ဘာ ၁၆ရက်မှာ ‌ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ အခုလိုပြောဆိုနေတာတွေဟာ ရွေးကောက်ပွဲကိုနှောက်ယှက်ချင်တဲ့ သတင်းမှား၊သတင်းတုတွေသာဖြစ်တယ်လို့ စစ်အုပ်စုဘက်ကထုတ်ပြန်ခဲ့ပါတယ်။

ဓါတ်ပုံ-Aung San Suu Kyi Facebook

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page