အာဏာသိမ်းစစ်အုပ်စုရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ၁၈ကြိမ်မှာ နိုင်ငံရေးအကျဥ်းသား ၁၃ ရာခိုင်နှုန်းကျော်သာ ပါဝင်
- BVJ

- Dec 1, 2025
- 1 min read
အေတီ/BVJ _ နိုဝင်ဘာ ၂၈၊ ၂၀၂၅

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့နောက်ပိုင်း ငါးနှစ်နီးပါးကာလအတွင်းမှာ အာဏာသိမ်းစစ်အုပ်စုက လွတ်ငြိမ်းချမ်းသာခွင့် ၁၈ကြိမ်ကြေညာခဲ့ပြီး၊ အကျဥ်းကျခံနေရသူ ၁၁၂,၉၂၆ တစ်သိန်းတစ်သောင်းသုံးထောင်နီးပါးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲ့ဒီအထဲမှာ နိုင်ငံရေးအကျဥ်းသား ၁၅,၄၄၄ တစ်သောင်းငါးထောင်ကျော်သာပါဝင်ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၁၃ ဒသမ ၇ ရာခိုင်နှုန်းသာရှိတယ်လို့ ISP မြန်မာအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
စစ်အုပ်စုရဲ့လွတ်ငြိမ်းခွင့်ပေးမှုတွေထဲမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ သက်ဆိုင်သူတွေချည်း သီးသန့်လွတ်ငြိမ်းခွင့်ပေးမှုဟာ သုံးကြိမ်ပဲရှိခဲ့ပြီး၊ စစ်အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်မှုတွေကြောင့် အကျဥ်းထောင်တွေထဲ ဖမ်းဆီးခံနေရတဲ့သူ ၂၂,၇၀၂ နှစ်သောင်းသုံးထောင်နီးပါးရှိနေဆဲဖြစ်တယ်လို့ ISPထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ၂၆ရက်နေ့က ၅၀၅-က နဲ့ တရားစွဲခံထားရတဲ့သူ ၈,၆၆၅ဦးကို အာဏာ သိမ်းစစ်အုပ်စုက လွတ်ငြိမ်းခွင့်နဲ့သက်သာခွင့်ပေးခဲ့ပါတယ်။ အဲ့ဒီထဲက ၅၀၅-က ပုဒ်မနဲ့ ထောင်ချခံထားရသူ ၇၂၄ဦးပြန်လွှတ်ပေးခဲ့ပြီး၊ ပုဒ်မ ၅၀၅-ကအပြင် အခြားပုဒ်မတွေနဲ့ ပြစ်ဒဏ်ချထားတဲ့ ၂,၃၆၁ဦးကိုတော့ပြန်မလွှတ်ပေးဘဲ ၅၀၅-က ပုဒ်မတစ်ခုပဲလျှော့ပေးခဲ့ပါတယ်။ ပုဒ်မ၅၀၅-ကနဲ့ တရားစွဲခံရလို့ထွက်ပြေးတိမ်းရှောင်နေတဲ့သူ ၅၅၈၀ဦးရဲ့ ကြားနာစစ်ဆေးမှုတွေလည်း အမှုပိတ်သိမ်းခဲ့ပါတယ်။
ရွေးကောက်ပွဲမှာပါဝင်မဲပေးနိုင်ရေးအတွက် လွတ်ငြိမ်းနဲ့လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်ကြောင်း စစ်အုပ်စုကထုတ်ပြန်ထားပေမယ့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ အရေးပါတဲ့နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်လာခြင်း မရှိသေးတာက လာမယ့်ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုလာအောင် ဟန်ပြလုပ်ဆောင်ခြင်းဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။







Comments