ရိုက်နှက်ခံထားရတဲ့ မကွေးထောင်က နိုင်ကျဉ်း ၂၀၀ ကျော် ဆေးကုသခွင့်အလုံအလောက်မရ
- BVJ

- May 27
- 1 min read
BVJ/ထက်အောင် _ မေ ၂၇ ၊ ၂၀၂၅

မကွေးအကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာရသူ ၂၀၀ ကျော် ဆေးကုသခွင့်အလုံအလောက်မရရှိဘဲ ဖြစ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်က မကွေးအကျဉ်းထောင်အတွင်း ထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေအကြား တင်းမာမှုအချို့ဖြစ်ပွားခဲ့ချိန် အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေက သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသား ၂ ဦး သေဆုံးခဲ့သလို ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ဧပြီ ၁၃ ရက် ထောင်တွင်းနှစ်ဖက်တင်းမာမှုဖြစ်ပွားတဲ့အပေါ် နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ပတ်သက်တယ်လို့ ထောင်အာဏာပိုင်တွေက စွပ်စွဲခဲ့ပြီး ထောင်တွင်းမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်နှိပ်စက်ခဲ့တာလည်း ဖြစ်တယ်လို့ PPNM က ဖော်ပြထားပါတယ်။
“လက်ရှိမှာ အရေးပေါ်စိုးရိမ်ရတဲ့သူတွေကိုတော့ ဆေးဝါးစောင့်ရှောက်မှုတချို့ပေးပေမဲ့ လုံလောက်တဲ့၊ ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမျိုး စနစ်တကျကုသပေးနေတာမျိုးတော့ မရှိဘူး။ အကျဉ်းထောင်ထဲမှာ ဆေးကုတဲ့ဆရာဝန်တချို့က ဆေးဝါးတချို့ပေးတယ်ဆိုပေမဲ့ နာကျင်ဝေဒနာတွေ၊ အတွင်းကြေဝေဒနာတွေ ခံစားနေရသူတွေလည်း ရှိပါတယ်။ ဒီလူတွေအတွက် လိုအပ်တဲ့ဆေးဝါးတွေ ပေးတာမျိုး မရှိဘူးဆိုတာကို ပြောချင်ပါတယ်” လို့ PPNM တာဝန်ခံ ကိုသိုက်ထွန်းဦးက Burma VJ ကို ပြောပါတယ်။
ထောင်တွင်းတင်းမာမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို ထောင်အာဏာပိုင်တွေ စစ်ဆေးမေးမြန်းချိန် ရိုက်နှက်နှိပ်စက်မှုတွေကို ခံခဲ့ရပြီး စိုးရိမ်ရသူအချို့ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ထောင်တွင်းတင်းမာမှုဖြစ်စဉ်အတွင်း ပါဝင်ခဲ့သူတွေလို့ စွပ်စွဲခံရသူတွေကို ထောင်အာဏာပိုင်တွေက ထောင်ဝင်စာတွေ့ခွင့်ပိတ်ပင်ထားတယ်လို့လည်း သိရပါတယ်။
မကွေးအကျဉ်းထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ပေါ်ပေါ်တင်တင် လုပ်ဆောင်နေမှုတွေအပေါ် PPNM အနေနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့အတူ စုံစမ်းမှုတွေ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။







Comments