top of page

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဆီ နာဗာလ်နီ ဖားအဆိပ်နဲ့လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း ဥရောပနိုင်ငံတွေပူးပေါင်းထုတ်ပြန်

  • Writer: BVJ
    BVJ
  • Feb 16
  • 1 min read

အေတီ/BVJ- ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဆီ နာဗာလ်နီ (Alexei Navalny) ဟာ အဆိပ်ရှိတဲ့ Dart frogဖားကနေထုတ်ယူဖော်စပ်ထားတဲ့အဆိပ်တစ်မျိုးနဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ယူကေနဲ့ဥရောပမဟာမိတ်နိုင်ငံတွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။


ဆိုက်ဘေးရီးယားကအကျဉ်းစခန်းတစ်ခုမှာ နာဗာလ်နီကွယ်လွန်ခဲ့ပြီး၂နှစ်အကြာမှာ သူ့ရဲ့ ရုပ်အလောင်းအစိတ်အပိုင်းနမူနာတွေကိုဓာတ်ခွဲစစ်ဆေးအပြီး တွေ့ရှိချက်တွေအရ ယူကေနဲ့မဟာမိတ်တွေက ရုရှားအစိုးရမှာတာဝန်ရှိကြောင်း ပြောကြားလိုက်တာဖြစ်ပါတယ်။


မြူးနစ်လုံခြုံရေးညီလာခံမှာ ယူကေနိုင်ငံခြားရေးဝန်ကြီး အီဗတ် ကူးပါး (Yvette Cooper)က "နာဗာလ်နီ ရုရှားမှာအကျဉ်းကျနေချိန်အတွင်း ဒီအဆိပ်ကိုအသုံးပြုဖို့အတွက် ရုရှားအစိုးရမှာပဲနည်းလမ်း ရည်ရွယ်ချက်နဲ့အခွင့်အရေးတွေရှိတာပါ" လို့ ပြောကြားခဲ့ပါတယ်။


Epibatidine လို့ခေါ်တဲ့ဖားကရတဲ့အဆိပ်ဟာ နာဗာလ်နီ ကိုယ်ခန္ဓာမှာတွေ့ရတယ်ဆိုတဲ့စွပ်စွဲချက်ဟာ"(Information campaign) သတင်းမှားတွေနဲ့တိုက်ခိုက်မှုတစ်ခုပဲလို့ ရုရှားအစိုးရဘက်က ရုရှားသတင်းဌာနTassကနေတုန့်ပြန်ထားပါတယ်။


ယူကေနိုင်ငံခြားရေးဝန်ကြီး အီဗတ်ကူးပါးက အခုတွေ့ရှိချက်ကို ယူကေ၊ဆွီဒင်၊ ပြင်သစ်၊ဂျာမနီနဲ့ နယ်သာလန်နိုင်ငံတို့နဲ့အတူ ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။ကူးပါးဟာအခုသီတင်းပတ်ကုန်မှာကျင်းပတဲ့ညီလာခံမှာ နာဗာလ်နီရဲ့ဇနီး ယူလီယာ နာဗာလ်နာယာ (Yulia Navalnaya)နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။


"ရုရှားအစိုးရဟာ နာဗာလ်နီကိုခြိမ်းခြောက်မှုတစ်ခုအနေနဲ့မြင်ခဲ့တာ"လို့ ကူးပါးက မြူးနစ်လုံခြုံရေးညီလာခံမှာပြောကြားခဲ့ပါတယ်။


"ဒီလိုအဆိပ်မျိုးတွေ အသုံးပြုခြင်းအားဖြင့် ရုရှားအစိုးရဟာ သူတို့လက်ထဲမှာရှိတဲ့စက်ဆုပ်ရွံရှာဖွယ် လက်နက်တွေနဲ့ နိုင်ငံရေးအတိုက်အခံတွေအပေါ် သူတို့ဘယ်လောက်အထိ အကြောက်တရားကြီးမားနေသလဲဆိုတာကို သက်သေပြလိုက်တာပဲဖြစ်တယ်" လို့ ဆက်ပြောခဲ့ပါတယ်။


မဟာမိတ်နိုင်ငံတွေနဲ့ပူးတွဲကြေညာချက်ထဲမှာ "နာဗာလ်နီ ဆားဘီးယား အကျဉ်းစခန်းမှာရှိနေချိန်အတွင်း ဒီသေစေနိုင်တဲ့အဆိပ်ကိုအသုံးပြုဖို့အတွက် ရုရှားအစိုးရမှာပဲ နည်းလမ်း၊ရည်ရွယ်ချက်နဲ့အခွင့်အရေးရှိတာကြောင့် သူ့ရဲ့သေဆုံးမှုအတွက် ရုရှားအစိုးရမှာတာဝန်ရှိတယ်လို့ ကျွန်ုပ်တို့သတ်မှတ်ပါတယ်" လို့ဖော်ပြထားပါတယ်။


ဒါ့အပြင် "Epibatidine (အက်ပီဘာတီဒင်း)"အဆိပ်ဟာ တောင်အမေရိကတောရိုင်းထဲက မြှားဆိပ်ဖားတွေမှာသာ သဘာဝအတိုင်းတွေ့ရလေ့ရှိကြောင်းမွေးမြူထားတဲ့ဖားတွေမှာအဲ့လိုအဆိပ်မျိုးမရှိသလို ရုရှားနိုင်ငံမှာလည်းသဘာဝအလျောက်လုံးဝမရှိကြောင်း နာဗာလ်နီရဲ့ ခန္ဓာကိုယ်ထဲမှာ ဒီအဆိပ်ရှိနေတာဟာမတော်တဆဖြစ်ရပ် ဒါမှမဟုတ်အပြစ်ကင်းတဲ့အကြောင်းပြချက်ဆိုတာ လုံးဝမရှိနိုင်ပါဘူး”လို့ ထောက်ပြထားပါတယ်။


ယူကေနိုင်ငံခြားရေးရုံးရဲ့အဆိုအရ ရုရှားနိုင်ငံဟာ ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက်(Chemical Weapons Convention)ကို ချိုးဖောက်ခဲ့တယ်လို့ယူဆရတာကြောင့် ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW)ဆီကို အကြောင်းကြားထားကြောင်း သိရပါတယ်။


ယူကေဝန်ကြီးချုပ် ဆာကီယာစတာမာ (Sir Keir Starmer)ကလည်း နာဗာလ်နီရဲ့ "ကြီးမားတဲ့ သတ္တိ"ကိုချီးကျူးခဲ့ပြီး "အမှန်တရားကိုဖော်ထုတ်ဖို့သူရဲ့ ပြတ်သားတဲ့စိတ်ဓာတ်ဟာ ထာဝရတည်တံ့မယ့်အမွေအနှစ်တစ်ခုအဖြစ် ကျန်ရစ်ခဲ့ပြီ"လို့ပြောကြားခဲ့ပြီး "ရုရှားနဲ့ပူတင်ရဲ့လူသတ်လိုတဲ့အကြံအစည်တွေဆီကနေ ကျွန်တော်တို့ရဲ့ပြည်သူတွေ၊ တန်ဖိုးထားမှုတွေနဲ့လူနေမှုဘဝတွေကို ကာကွယ်ဖို့အတွက် လိုအပ်တာမှန်သမျှကျွန်တော်တို့လုပ်ဆောင်သွားမှာပါ" လို့ လည်း ဖြည့်စွက်ပြောခဲ့ပါတယ်။


ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယန်း နိုရယ် ဘာရိုး (Jean-Noël Barrot) ကလည်း လွတ်လပ်ပြီးဒီမိုကရေစီဆန်တဲ့ ရုရှားနိုင်ငံအတွက်တိုက်ပွဲဝင်ရင်းလုပ်ကြံခံရတဲ့ နာဗာလ်နီကို သူတို့နိုင်ငံကဂုဏ်ပြုကြောင်းပြောကြားခဲ့ပါတယ်။

အကျင့်ပျက်ခြစားမှုဆန့်ကျင်ရေးလှုပ်ရှားသူ ရုရှားအထင်ကရအတိုက်အခံခေါင်းဆောင် နာဗာလ်နီဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ အသက် ၄၇ နှစ်အရွယ်မှာ ရုရှားနိုင်ငံ ဆိုက်ဘေးရီယားဒေသကအကျဉ်းထောင်အတွင်း ရုတ်တရက်ကွယ်လွန်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်ကလည်း Novichok (နိုဗီချက်) အာရုံကြောအဆိပ်နဲ့လုပ်ကြံခံခဲ့ရဖူးပြီး ဂျာမနီမှာဆေးကုသမှုခံယူပြီး ရုရှားကိုအပြန်လေဆိပ်မှာဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်ပါတယ်။


စနေနေ့က ထုတ်ပြန်ကြေညာချက်ထွက်ပေါ်လာမခင်ထဲက နာဗာလ်နီရဲ့ ဇနီး ယူလီယာ နာဗာလ်နာယာကလည်း သူ့ရဲ့ ခင်ပွန်းဟာ ၂၀၂၄ ခုနှစ်ကထောင်ထဲမှာ အဆိပ်ခတ်ခံရပြီးသေဆုံးခဲ့တာဖြစ်ကြောင်း တစိုက်မတ်မတ်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလအတွင်းက နာဗာလ်နာယာက နိုင်ငံနှစ်နိုင်ငံရှိ ဓာတ်ခွဲခန်းတွေမှာ တရားမဝင်လျှို့ဝှက်သယ်ယူလာတဲ့ ဇီဝနမူနာပစ္စည်းတွေကို စစ်ဆေးခဲ့ရာမှာလည်း သူ့ရဲ့ ခင်ပွန်းဟာ"လုပ်ကြံသတ်ဖြတ်ခံရခြင်း"ဖြစ်ကြောင်း အဖြေထွက်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။


အဲ့ဒီတုန်းကအသုံးပြုခဲ့တဲ့ အဆိပ်အမျိုးအစား၊နမူနာပစ္စည်းတွေနဲ့ ဓာတ်ခွဲစစ်ဆေးမှုအသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေမယ့် ဓာတ်ခွဲခန်းနှစ်ခုအနေနဲ့ရလဒ်တွေကို လူသိရှင်ကြားထုတ်ပြန်ဖို့စိန်ခေါ်ခဲ့ဖူးပါတယ်။


အခုထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး နာဗာလ်နာယာက"ကျွန်မရဲ့ခင်ပွန်းအဆိပ်ခတ်ခံရတယ်ဆိုတာကို ပထမဆုံးနေ့ကတည်းကကျွန်မသေချာပေါက်သိနေခဲ့တာပါ။ အခုတော့ အဲဒါအတွက်သက်သေအထောက်အထားခိုင်ခိုင်လုံလုံရရှိသွားပါပြီ"လို့တုံ့ပြန်ပြောဆိုခဲ့ပြီး "ပြီးခဲ့တဲ့ ၂နှစ်တာကာလပတ်လုံး အမှန်တရားကို ဖော်ထုတ်နိုင်ဖို့အတွက် အသေးစိတ်စေ့စေ့စပ်စပ်လုပ်ဆောင်ပေးခဲ့ကြတဲ့ ဥရောပနိုင်ငံတွေကိုကျေးဇူးအထူးတင်ရှိပါတယ်"လို့ပြောကြားခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page