တော်လှန်ရေးတပ်ဖွဲ့တွေကြား ပဋိပက္ခနဲ့ပတ်သက်ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် သဘောထားထုတ်ပြန်
- BVJ

- Jan 22
- 1 min read
Updated: Jan 26
◾️အခွန်နဲ့ တော်လှန်ရေးရန်ပုံငွေကိစ္စတွေပါဝင်
မိုနာ/BVJ_ဇန်နဝါရီ ၂၂၊ ၂၀၂၆

တော်လှန်ရေးအဖွဲ့အစည်းတွေကြားက ပဋိပက္ခတွေဟာ စစ်အုပ်စုကလွဲပြီး ဘယ်သူ့အကျိုးစီးပွားကိုမှဖြစ်ထွန်းစေမှာမဟုတ်တာကြောင့် ပြည်သူလူထုအကျိုးစီးပွားကိုရှေးရှူပြီး မိတ်ဖက်ပဋိပက္ခတွေကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းခြင်းနဲ့သာ အဖြေရှာသင့်တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAက ဒီနေ့ ဇန်နဝါရီ ၂၂ရက် မနက်ပိုင်းမှာ သဘောထားထုတ်ပြန်လာပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား အပြန်အလှန်လေးစားမှုရှိမှသာ ညီညွတ်မှုကိုတည်ဆောက်နိုင်မှာဖြစ်ကြောင်းနဲ့ အင်အားအသုံးပြုပြီးမိမိလက်အောက်ကို သွတ်သွင်းခြင်းမျိုးမဖြစ်သင့်ဘဲ ဆန္ဒအရပူးပေါင်းကြခြင်းသာဖြစ်သင့်တယ်လို့လည်း PLAကဖော်ပြပါတယ်။
ဒီသဘောထားထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး PLAအထွေထွေအတွင်းရေးမှူး ဒေါ်နီနီကျော်က“ဒီထုတ်ပြန်ကြေညာချက်ကကြတော့ ဗိုလ်နဂါးနဲ့NUGအောက်ကအဖွဲ့တွေ ပြဿနာတွေနဲ့လည်း သက်ဆိုင်တယ်ပေါ့နော်။ ကျန်တဲ့ဒီတိုင်းရင်းသားအဖွဲ့တွေအချင်းချင်းကြားမှာ ပွတ်တိုက်မှုတွေ၊ ကိုယ့်တော်လှန်ရေးအဖွဲ့တွေကြားမှာ ပွတ်တိုက်မှုတွေ။ နောက်ကျန်တဲ့အဖွဲ့တွေကိုလည်း ဗိုလ်နဂါးတို့လိုထပ်ပြီးတော့ အကြပ်ကိုင်မှာတွေ၊လုပ်မှာတွေ သတင်းတွေထပ်ပြီးတော့ ကြားနေရတာတွေရှိတယ်။ ဆိုတော့ အဲ့ဒီအပေါ်တွေမှာ အကုန်လုံးကို ငါ့အောက်ကိုဝင်ရင်ဝင် မဝင်ဘူးဆိုပြဿနာရှာမှာတွေက ထပ်လုပ်ဖို့တွေကြားနေတာရှိတယ်ပေါ့နော်။ အဲ့ဒါမျိုးတွေထပ်ဖြစ်လာမှာစိုးလို့ တော်လှန်ရေးဟာ အစိုးရတခုထဲတရားဝင်တယ်ဆိုပြီးတော့ လုပ်ပိုင်ခွင့်အားလုံးယူ၊အာဏာကိုလက်ဝါးကြီးအုပ်ပြီး လုပ်နေလို့မရဘူး။ ကျန်တဲ့အဖွဲ့တွေမှာလည်း ကိုယ့်တိုင်းပြည်လွတ်မြောက်ဖို့၊လုပ်ပေးရမယ့် တာဝန်ရှိတယ်။ လုပ်ပိုင်ခွင့်လည်းရှိတယ်။ အားလုံးကအဖွဲ့တိုင်းက သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ဒီတော်လှန်ရေးမှုပါဝင်ခွင့်ရှိတယ်”လို့ Burma VJကိုပြောပါတယ်။
ဒါ့အပြင် အခွန်ကိစ္စ၊ တော်လှန်ရေးရန်ပုံငွေကိစ္စတွေအတွက် အလှူခံကြရတဲ့ကိစ္စတွေအပါအဝင် အဖွဲ့တွေရဲ့ရပ်တည်ရှင်သန်မှုကို ပိတ်ပင်ခြင်းဟာတော်လှန်ရေးအတွက် အကျိုးမရှိ၊စစ်အာဏာရှင်ကိုသာ အကျိုးပြုစေလိမ့်မယ်လို့ PLAသဘောထားမှာဖော်ပြထားပါတယ်။
တူတာတွဲလုပ်၊မတူတာခွဲလုပ်ခွင့်ကို အသိအမှတ်ပြုရမှာဖြစ်ပြီး အဖိနှိပ်ခံပြည်သူလူထုဘက်က အစဉ်တစိုက်ရပ်တည်ကာ ကိုယ်ကျိုးမဖက်ဘဲ စစ်အုပ်စုကိုဆန့်ကျင်တော်လှန်နေသူတိုင်း၊ အဖွဲ့အစည်းတိုင်းဟာ တော်လှန်ရေးမှာတရားဝင်တယ်လို့ PLAအနေနဲ့ခံယူကြောင်းကိုလည်း ပြောထားပါတယ်။
“ဒေသတွင်းမှာဖြစ်နေတာက ဗိုလ်နဂါးတို့ကိုဆိုလည်းမကောက်နဲ့ပြောတာပဲ။ ကျမတို့အဖွဲ့ဆိုလည်း မကောက်နဲ့ပြောတာပဲ။ ကျမတို့အဖွဲ့တွေဆိုတောက်လျောက်အခွန်မကောက်ဘူး။ ဒီ၁၀၂၇ဒုတိယလှိုင်းတွေပြီးသွားပြီးမှသာ အထောက်အပံ့တွေလည်းဘယ်ကမှမရတော့ဘူးဆိုမှ ကိုယ့်ရဲ့ရှင်သန်ရပ်တည်ရေးအတွက် အခွန်ကောက်မယ်လို့လုပ်လိုက်တာနဲ့ အသံတွေထွက်လာပြီးတော့ ဝိုင်းပိတ်ဆို့တာတွေလုပ်တာပဲ”လို့ ဒေါ်နီနီကျော်က ပြောပါတယ်။
လက်ရှိဗမာပြည်တော်လှန်ရေးဟာ စစ်အုပ်စုကိုပုံစံမျိုးစုံနဲ့ တော်လှန်နေသူတိုင်းပိုင်ဆိုင်တဲ့ ကျယ်ပြန့်ကြီးမြတ်တဲ့တော်လှန်ရေးဖြစ်ပြီး စည်းလုံးညီညွတ်စွာနဲ့စစ်အုပ်စုကို အနိုင်တိုက်ကြမှာသာ စစ်မှန်တဲ့ငြိမ်းချမ်းရေးအရယူနိုင်မယ်လို့လည်း PLAသဘောထားထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

PLAတပ်ဖွဲ့ဟာ ၁၀၂၇စစ်ဆင်ရေးမှာမဟာမိတ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တဲ့တပ်ဖွဲ့တခုဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်အတွင်းမှာ ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့သလို အဲ့ဒီတိုက်ပွဲအတွင်း ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်မှာ တိုက်ပွဲကိုဗုံးလာကြဲတဲ့ စစ်အုပ်စုရဲ့ဂျက်ဖိုက်တာ တစ်စင်းကိုပစ်ချနိုင်ခဲ့ပါတယ်။
လက်ရှိ ယင်းမာပင်-ပုလဲဒေသတွင်းမှာ ဗိုလ်နဂါးတပ်ဖွဲ့-BNRAကအခွန်ဂိတ်တွေနဲ့ NUGအောက်က ပသုံးလုံးအခွန်ဂိတ်တွေကို နှစ်ဖက်တပ်ဖွဲ့ဝင်တွေက အပြန်အလှန်ပစ်ခတ်ဖမ်းဆီးမှုတွေဖြစ်ပွားနေပြီး ဒီကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်ဖက်တပ်ဖွဲ့တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။







Comments