မိုးကုတ်၊မိုးမိတ် လက်ရှိအခြေအနေ
- BVJ

- Nov 4
- 1 min read
မိုနာ/BVJ_ နိုဝင်ဘာ ၄၊ ၂၀၂၅

တအာင်းတပ်မတော်-TNLAက အာဏာသိမ်းစစ်အုပ်စုနဲ့အပစ်ရပ်ပြီး တပ်တွေဆုတ်ပေးရတော့မယ့် မိုးကုတ်နဲ့မိုးမိတ်မြို့တွေမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAနဲ့ PDFတပ်တွေက ဆက်ရှိပြီး စစ်အုပ်စုကိုတိုက်ခိုက်ဖို့ပြင်ဆင်နေကြပါတယ်။
လက်ရှိအချိန်ထိ မိုးကုတ်၊ မိုးမိတ်အနီးတဝိုက်မှာ PLA၊ ABSDFနဲ့မဟာမိတ်တပ်တွေရှိနေကြောင်း PLAတပ်ဖွဲ့အထွေထွေအတွင်းရေးမှူး ဒေါ်နီနီကျော်က Burma VJကိုအတည်ပြုပါတယ်။
"မိုးမိတ်နဲ့ တွင်းငယ်နဲ့လမ်းတလျောက်မှာလည်း ကျမတို့ကတွင်းငယ်ဘက်မှာတိုက်ပွဲဝင်နေတယ်။ တွင်းငယ်ကိုလက်လွှတ်ပေးလိုက်ရတဲ့အချိန်မှာ တွင်းငယ်နဲ့ ၅မိုင်၊ ၇မိုင်လောက်ကွာတဲ့ရွာတွေမှာ တိုက်ပွဲတွေဝင်နေတယ်။ ကျမတို့အပါအဝင် တခြားမဟာမိတ်တွေလည်း ရှိပါတယ်။ ABSDFတို့ SR3တို့အကုန်ရှိတယ်။ တခြား ပကဖတွေလည်းအကုန်ပေါင်းပြီး တိုက်ပွဲဝင်နေတယ်"
PLAတပ်ဖွဲ့ဟာ မိုးကုတ်၊ မိုးမိတ်၊ လားရှိုး၊ သိန်းနီ၊ စကစ ၁၆၊ တွင်းငယ်၊ တတက ၁၃၊ ဖော့တောလမ်းဆုံ၊ ခလရ ၁၄၈၊ ၇မိုင်၊ ကျောက်ကြီးတိုက်ပွဲတွေမှာ မဟာမိတ်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး ၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းစထဲက အခုချိန်ထိတောက်လျောက်တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ABSDFစစ်ကြောင်း၃ စစ်ကြောင်းမှူးကလည်း"စကားတွေအများကြီးမပြောဘူး ရောက်ပြီ။ တို့ဟူးနွေးနဲ့ရှမ်းခေါက်ဆွဲစားမယ်"လို့ မိုးမိတ်မြို့ကိုရောက်ရှိနေတဲ့ဓါတ်ပုံနဲ့အတူ ဒီနေ့မနက်မှာသူ့ရဲ့လူမှုကွန်ရက်မှာ တင်ထားပါတယ်။
မိုးကုတ်နဲ့မိုးမိတ်မြို့က TNLAတပ်တွေအနေနဲ့ အခုလမကုန်ခင်မှာနောက်ဆုံးထားဆုတ်ခွာပေးရမယ်ဆိုပြီးလည်း သတင်းတွေထွက်ပေါ်နေပြီး စစ်အုပ်စုဘက်ကတော့ မိုးကုတ်၊မိုးမိတ်လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုတာမျိုးမတွေ့ရသေးပါဘူး။
မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ မန္တလေးPDF၊ မိုးကုတ်ဗျူဟာအပါအဝင် NUGရဲ့PDFတပ်ရင်းတပ်ဖွဲ့တွေဟာလည်း မိုးကုတ်မြို့ကိုကာကွယ်သွားဖို့ ဆက်ရှိနေမယ်လို့ တရားဝင်ထုတ်ပြန်ကြေညာထားကြပါတယ်။
တရုတ်ရဲ့ကြားဝင်ညှိနှိုင်းပေးမှုနဲ့ TNLAနဲ့ အာဏာသိမ်းစစ်အုပ်ဟာ တရုတ်နိုင်ငံ၊ကူမင်းမြို့မှာ ၉ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပြီးအပစ်ရပ်ဖို့သဘောတူလိုက်ကြောင်း TNLAက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ရက်မှာကြေညာခဲ့တာပါ။







Comments