တပ်ရင်းမှူးပုလဲမောင်လုပ်ကြံခံရမှုအပေါ် မှာ NUG၊MOD သမာသမတ်ကျကျကိုင်တွယ်ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသတောင်းဆို
- BVJ

- Jun 29
- 1 min read
မိုနာ/BVJ_ ဇွန် ၂၉၊ ၂၀၂၆

အခုဇွန်လ ၂၆ရက်နေ့က ခရိုင်အစည်းအဝေးလုပ်ဖို့စောင့်ဆိုင်းနေတဲ့ ယင်းမာပင်ခရိုင် PDFတပ်ရင်း ၆ - တပ်ရင်းမှူးပုလဲမောင်(ခ)ပီတာ မတရားသဖြင့်သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံလိုက်တဲ့အပေါ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD) အနေနဲ့ သမာသမတ်ကျကျ ထိရောက်စွာကိုင်တွယ်ဖြေရှင်းပေးဖို့ဆိုပြီး အမှတ်(၁)စစ်ဒေသ၊ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီနေ့မှာ ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ပြန်ရင်းတောင်းဆိုလာပါတယ်။
လုပ်ကြံခံရပြီးသုံးရက်မြောက်နေ့မှာဖော်ပြလာတဲ့ ဝမ်းနည်းကြောင်းသဝဏ်လွှာထဲမှာ တပ်ရင်းမှူးပုလဲမောင်(ခ)ပီတာကျဆုံးတဲ့အပေါ်မှာ သူ့မိသားစု၊သူ့ရဲဘော်ရဲဘက်တွေနဲ့အတူ ထပ်တူဝမ်းနည်းပူဆွေးရကြောင်းနဲ့ ယင်းမာပင်ခရိုင်တော်လှန်ရေးအင်အားတွေကြားထဲမှာ NUGကာကွယ်ရေးဝန်ကြီးဌာနရဲ့ကွပ်ကဲမှုကိုခံယူဖို့ တပ်ရင်းမှူးပုလဲမောင်(ခ)ပီတာနဲ့သူ့တပ်ဖွဲ့ဟာ ၂၀၂၂ခုနှစ်ထဲက အမှတ်(၁)စစ်ဒေသရဲ့ကွပ်ကဲမှုအောက်ကို ပထမဆုံးခံယူလာတဲ့တပ်မှူးတစ်ဦးဖြစ်တယ်လို့ ပြောထားပါတယ်။
အခုလုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် တရားမျှတမှုရရှိရေး၊ ကျူးလွန်သူတွေကိုထိရောက်စွာအပြစ်ပေးအရေးယူနိုင်ရေးတို့အတွက် NUG၊ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ သမာသမတ်ကျကျကိုင်တွယ်ဖြေရှင်းပေးဖို့ဆိုပြီးလည်း အမှတ်(၁)စစ်ဒေသကတောင်းဆိုထားပါတယ်။
တပ်ရင်းမှူးပုလဲမောင်သေဆုံးမှုအတွက် Kani PDF(9+)၊ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာန၊ ယင်းမာပင်ခရိုင်အမှတ်(၁)တပ်ရင်း၊ ဂန့်ဂေါခရိုင် အမှတ်(၁၄)တပ်ရင်း၊ ယင်းမာပင်ခရိုင် ဗျူဟာအမှတ်(၄၇)၊ ယင်းမာပင်ခရိုင်ဆေးတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် အမှတ်(၁၆)တပ်ရင်း၊ ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တမူးခရိုင် အမှတ်(၂)တပ်ရင်း၊ ၁/၂၀၂၂တပ်ခွဲမှူးသင်တန်းဆင်း တပ်မှူးများ၊ မုံရွာခရိုင် အမှတ်(၂၄)တပ်ရင်း၊ အမှတ်(၂)တပ်ရင်း မကွေးခရိုင်စစ်ဌာန၊ ယင်းမာပင်ခရိုင်စစ်ဌာနထဲက ခရိုင်တပ်ရင်း(၃၃)၊(၃၄)ညီနောင်တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ်(၅၁၂)တပ်ရင်းတွေကလည်း ယင်းမာပင်ခရိုင် PDFတပ်ရင်း ၆ကိုဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ထားကြပြီး NUGကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လုပ်ကြံသူ၊ပူးပေါင်းသူနဲ့ ခိုင်းစေသူတို့ကို ဖော်ထုတ်အရေးယူဖို့တိုက်တွန်းထားကြပါတယ်။
လက်ရှိမှာတော့ တပ်ရင်းမှူးပုလဲမောင်ကိုလုပ်ကြံသတ်ဖြတ်မှုနဲ့ ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူးစွမ်းသူမောင်ရဲ့ ကိုယ်ရေးအရာရှိငဖြိုးကိုဖမ်းဆီးထားကြောင်း PDFစစ်ရုံးချုပ်ကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်ဗိုလ်စွမ်းသူမောင်ကိုလည်း NUGကာကွယ်ရေးဝန်ကြီးဌာနဘက်က စစ်ဆေးမေးမြန်းဖို့ခေါ်ဆောင်သွားပြီလို့သိရပေမယ့် NUGဘက်ကတော့ ဒါနဲ့ပတ်သက်ပြီးတရားဝင်သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
တပ်ရင်းမှူးပုလဲမောင်လုပ်ကြံသတ်ဖြတ်ခံရပြီးနောက်ပိုင်းမှာ ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF၊ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/တပ်တော်-PDO/PDAစတဲ့တပ်ဖွဲ့တွေအပါအဝင် သမဂ္ဂတွေ၊ သပိတ်ကော်မတီတွေနဲ့ ဒေသတွင်းအင်အားစုတွေအပါအဝင် အဖွဲ့အစည်းပေါင်း ၉၅ဖွဲ့ကလည်း "ဘုံရန်သူဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့"လှုပ်ရှားမှုကမ်ပိန်းပြုလုပ်ဖို့ တိုက်တွန်းနှိုးဆော်လာကြပါတယ်။
အဲ့ဒီထဲမှာ တော်လှန်ရေးနဲ့နိုင်ငံရေးအင်အားစုအချင်းချင်းကြား လက်နက်သုံးဖြေရှင်းမှုကိုဝိုင်းဝန်းတားဆီးကြဖို့၊ ကျူးလွန်ဖောက်ဖျက်မှုတွေကို တရားမျှတမှုရှိစွာဖြေရှင်းဆောင်ရွက်ကြဖို့၊ နိုင်ငံရေးအရဆွေးနွေးညှိနှိုင်းမှုတွေကို အင်တိုက်အားတိုက်ဝန်းရံပေးကြဖို့စတဲ့အချက်တွေကို တောင်းဆိုထားပါတယ်။




Comments