မဟာဗျူဟာထိုးစစ်ကိုတက်လှမ်းဖို့ PDFတပ်မှူးကြီးများ ချမှတ်
- BVJ

- 5 days ago
- 1 min read
မိုနာ/BVJ_သြဂုတ် ၇၊ ၂၀၂၆

မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီး "ပြည်သူ့ခုခံတွန်းလှန်စစ်"ကနေ "မဟာဗျူဟာထိုးစစ်"ကိုတက်လှမ်းနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်မှူးကြီးများအစည်းအဝေးကနေချမှတ်လိုက်တယ်လို့ ဒီနေ့ သြဂုတ် ၇ရက်မှာသတင်းထုတ်ပြန်ပါတယ်။
တပ်မှူးကြီးများအစည်းအဝေးကို အခုလ ၃ရက်ကနေ မနေ့က ၆ရက်အထိ လေးရက်ကြာကျင်းပကာ ရှေ့လုပ်ငန်းစဉ်တွေချမှတ်ခဲ့တာဖြစ်ပါတယ်။
"ရှေ့လုပ်ငန်းစဉ်များချမှတ်ရာတွင် ညီညွတ်ရေးမူ(၃)ရပ်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ၏ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးနှင့်ကွပ်ကဲရေးကော်မတီတွင် မဟာဗျူဟာကျကျ ပါဝင်ဆောင်ရွက်နိုင်ရေးနှင့် စစ်ဒေသအသီးသီးတွင် သက်ဆိုင်ရာ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအားလုံးနှင့် လက်တွဲ၍ "ပြည်သူ့ခုခံတွန်းလှန်စစ်"မှသည် "မဟာဗျူဟာထိုးစစ်"သို့ တက်လှမ်းနိုင်ရေး ဦးတည်ပြင်ဆင်ဆောင်ရွက်သွားကြရန် လုပ်ငန်းစဉ်များချမှတ်ခဲ့ကြခြင်းလည်း ဖြစ်ပါသည်"လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြောထားပါတယ်။
PDFတပ်မှူးကြီးများအစည်းအဝေးကို အခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ ပထမဆုံးအကြိမ်အစည်းကို ငါးရက်ကြာကျင်းပခဲ့ပြီးနောက် အခုအစည်းအဝေးဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။
PDF စစ်ရုံးချုပ်ရဲ့ကွပ်ကဲမှုအောက်မှာ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းတောင်-ကယား(ကရင်နီ)၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ အထူးတိုင်းစစ်ဌာနစတဲ့ တိုင်းစစ်ဌာန (၁၀)ခုကိုဖွဲ့စည်းပြီး တပ်ရင်း၊တပ်ဖွဲ့တွေကိုကွပ်ကဲတိုက်ပွဲဝင်နေတာဖြစ်ပါတယ်။
အခုတပ်မှူးကြီးများအစည်းအဝေးမှာတော့ အဲ့ဒီတိုင်းစစ်ဌာန (၁၀)ခု၊ တပ်မ (၁)ခုနဲ့ စစ်ရုံးချုပ် စစ်ဆင်ရေး၊ စစ်ရေး၊ စစ်ထောက်၊ စစ်ထောက်လှမ်းရေး၊ ပြည်သူ့လုံခြုံရေးဌာန၊ စစ်ဆင်ရေးရုံးတွေ၊ စစ်ဥပဒေရုံးနဲ့ ပကဖ စစ်ဘက်ရေးရာအရာရှိချုပ်ရုံး အသီးသီးတို့က စာတမ်းတွေ တင်သွင်းပြီးအပြန်အလှန်ဆွေးနွေးခြင်း၊ စစ်ဦးစီးချုပ်၊ ဒုတိယ စစ်ဦးစီးချုပ်၊ စစ်ဦးစီးအရာရှိချုပ်တို့ရဲ့လမ်းညွှန်ချက်ရယူခြင်းနဲ့ရှေ့လုပ်ငန်းစဉ်တွေကိုချမှတ်ခဲ့တယ်လို့ သိရပါတယ်။




Comments