စက်ရုံအလုပ်သမအများစုပါဝင်တဲ့ အမျိုးသမီးစစ်မှုထမ်းသင်တန်းကို ဒီနေ့စတင်
- BVJ

- Aug 10
- 1 min read
ယူဂရင်း/BVJ_သြဂုတ် ၁၀၊ ၂၀၂၆

အာဏာသိမ်းစစ်အုပ်စုက ဒီနေ့ သြဂုတ် ၁၀ရက်မှာ အမျိုးသမီးစစ်မှုထမ်းသင်တန်းအပါတ်စဉ်(၁)ကိုစတင်လိုက်ပြီး အဲ့ဒီထဲကသင်တန်းသူအများစုဟာ ရန်ကုန်မြို့ စက်ရုံ၊အလုပ်ရုံတွေက အလုပ်သမတွေဖြစ်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDSI)က ထုတ်ပြန်လာပါတယ်။
အမျိုးသမီးစစ်မှုထမ်းသင်တန်းကို ရကသ(၄)နဲ့ စစ်သင်တန်းကျောင်းအချို့မှာ လက်ခံလေ့ကျင့်သွားမှာဖြစ်ပြီး အဲ့ဒီသင်တန်းအတွက်တက်ရောက်မယ့်သင်တန်းသူတွေဟာ အခုရက်ပိုင်းမှာပဲမှော်ဘီမြို့ အမှတ်(၄) အရာခံနဲ့ အကြပ်ကြီးသင်ကျောင်းကိုရောက်လာတာဖြစ်တယ်လို့ MDSIက မနေ့က သြဂုတ် ၉ရက်ညမှာ ဖော်ပြပါတယ်။
MDSIက "၂၀၂၅ ခုနှစ် ဩဂုတ်လပိုင်းက ရကသ(၄)တွင် အမျိုးသမီးစစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁) ဖွင့်လှစ်နေဟု ကြားသိခဲ့ရသော်လည်း ပုံမှန်စစ်သင်တန်းအနေဖြင့်သာ ဖွင့်လှစ်ခဲ့သည်။ တချိန်တည်းမှာပင် ရန်ကုန်မြို့နှင့် မြို့ပြဒေသများတွင်လည်း အမျိုးသမီးငယ်အချို့ ပျောက်ဆုံးမှု၊ ဖမ်းဆီးစုဆောင်းခံရမှုများ ရှိခဲ့ဟု သတင်းများထွက်ပေါ်ခဲ့သည်"လို့ ပြောထားပါတယ်။

ရန်ကုန်၊ လှိုင်သာယာက အထည်ချုပ်စက်ရုံတခုမှာအလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦးကတော့"သေချာတာမျိုးတော့မဟုတ်ပေမယ့် ဟိုဘက်ရုံက လူပါသွားသလို ဒီစက်ရုံကမိန်းကလေးတွေပျောက်သွားသလိုနဲ့ သတင်းတွေကတော့ထွက်နေတော့ တခြားကျန်တဲ့သူတွေလည်း ဘာမှန်းမသိဘဲကြောက်နေကြသလိုမျိုးဖြစ်နေတယ်။ တကယ်ဟုတ်မဟုတ်တော့ မသိကြဘူး"လို့ Burma VJကိုပြောပါတယ်။
MDSIကလည်း ရန်ကုန်မြို့နဲ့ မြို့ပြဒေသတွေမှာ အမျိုးသမီးငယ်အချို့ ပျောက်ဆုံးမှု၊ ဖမ်းဆီးစုဆောင်းခံရမှု သတင်းတွေထွက်ပေါ်နေတယ်လို့ ဆိုထားပါတယ်။
စစ်အုပ်စုဘက်ကတော့ အမျိုးသမီးတွေစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး လက်တလောမှာထုတ်ပြန်တာမျိုးမရှိသေးဘဲ ပြီးခဲ့တဲ့၂၀၂၅ခုနှစ်ကတော့ အမျိုးသမီးတွေစစ်မှုထမ်းခေါ်တာမရှိသေးဘူးလို့ ငြင်းဆိုထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုသမ္မတကတော့ အရင်းအမြစ်တွေရရှိအောင် စစ်မှုထမ်းဥပဒေဆက်ရှိနေမယ်လို့ ဇူလိုင် ၃၀ရက်နေ့ ရက် ၁၀၀ ပြည့်မိန့်ခွန်းထဲမှာပြောခဲ့ပါတယ်။
ဓါတ်ပုံ-၂၀၂၄ခုနှစ်ကပြုလုပ်ခဲ့တဲ့ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲ။




Comments