ဒီပဲယင်းရေကြီးမှုအတွင်း အမျိုးသမီး ၇ ဦးအထိသေဆုံးမှုရှိလာ
- BVJ

- Aug 10
- 1 min read
မိုနာ/BVJ_သြဂုတ် ၁၀၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကရေကြီးရေလျှံမှုအတွင်းမှာ အမျိုးသမီး ၇ ဦးအထိသေဆုံးမှုရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ မနေ့က ဩဂုတ်လ ၉ ရက်ထုတ်ပြန်ချက်အရသိရပါတယ်။
သေဆုံးသူတွေဟာ ချောင်းရိုးကျေးရွာက အမျိုးသမီး (၆)ဦး၊ ကြူတောကျေးရွာက အမျိုးသမီး (၁)ဦးတို့ဖြစ်ပါတယ်။
အဲ့ဒီသေဆုံးသူတွေထဲက ၆ဦးဟာ ကောက်စိုက်သမတွေဖြစ်ပြီး ဩဂုတ် ၆ ရက်၊နေ့လယ်မှာ ချောင်းရိုးကျေးရွာကနေကောက်စိုက်ပြန်လာချိန် ချောင်းကိုဖြတ်ကူးချိန်မှာ ရုတ်တရက်ရေတက်လာတာကြောင့် ချောင်းကိုဖြတ်ကူးနေတဲ့ ၁၀ဦးထဲက ၆ ဦးဟာ ရေစီးနဲ့မျောပါသေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။
သေဆုံးသူတွေဟာ မနှင်းဆီ၊ မဝင်းမာ၊ မဌေးဌေး၊ မကေသီဦး၊ မညိုဆန်းနဲ့ မမြင့်မြင့်ဝင်း တို့ဖြစ်တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။

လက်ရှိမှာလည်း ဒီပဲယင်းမြို့နယ်မှာ ရေဘေးသင့်ကျေးရွာ(၂၁)ရွာရှိနေပြီး ရေကြီးမှုကြောင့်
အိမ်ထောင်စု(၅၀၆၄)စုနဲ့လူဦးရေ (၂၅၆၂၄)ဦး ရေဘေးသင့်နေတာကြောင့် ကူညီကြဖို့ကိုလည်း ပြောထားပါတယ်။
မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ မိုးဆက်တိုက်ရွာနေတာနဲ့ ဆည်ရေတွေဖောက်ချတာတွေကြောင့် ရေကြီးရေလျှံနေပြီး စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းက မြို့နယ် ၁၅ ခုက လူဦးရေ လေးသိန်းကျော်ရေဘေးသင့်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း မနေ့က ဩဂုတ် ၉ ရက်ညပိုင်းမှာထုတ်ပြန်ထားပါတယ်။
အဲ့ဒီရေကြီးရေလျှံမှုတွေအတွင်း သေဆုံးသူ စုစုပေါင်း ၁၆ ဦး၊ ပျောက်ဆုံးသူ ၂ ဦး၊ ဒဏ်ရာရ ၆၁ ဦးရှိပြီး နေအိမ်များ ရေနစ်မြုပ်ခြင်း၊ စိုက်ပျိုးမြေဧက ထောင်ပေါင်းများစွာ ရေလွှမ်းမိုးခြင်းနဲ့ချောင်းကူးတံတားတွေပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
ရေကြီးရေလျှံမှုတွေဟာ စစ်ကိုင်းတိုင်းအတွင်းမှာအဆိုးဆုံးဖြစ်ပြီး သေဆုံးသူတွေဟာ ကောလင်းမှာ ၂ ဦး၊ ခင်ဦးမှာ ၁ ဦးနဲ့ ဒီပဲယင်းမှာ ၇ ဦးဖြစ်တယ်လို့ သိရပါတယ်။

NUGရဲ့စာရင်းအရ စစ်ကိုင်းတိုင်းမှာ လူဦးရေ (၂၂၃,၇၆၁ ဦး)၊ မန္တလေးတိုင်းမှာ (၁၅၀,၃၀၀ ဦး)၊ ဧရာဝတီတိုင်းမှာ (၄၀,၁၉၆ ဦး)၊ မကွေးတိုင်းမှာ(၅၈၆ ဦး)နဲ့ စုစုပေါင်း လူဦးရေ(၄၁၄,၈၄၃ ဦး) ရေဘေးသင့်နေတာဖြစ်ပါတယ်။
လက်ရှိမှာ NUGအနေနဲ့လည်း ကူညီကယ်ဆယ်ရေးတချို့ကိုဆောင်ရွက်ပေးနေပြီး အဓိကအားဖြင့် သောက်သုံးရေ၊ အစားအစာ၊ ဆေးဝါး၊ စက်သုံးဆီ၊ မိုးကာစ၊ ရေနဲ့ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အကူအညီတွေအရေးပေါ် လိုအပ်နေတယ်လို့ ပြောထားပါတယ်။




Comments