ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိအမြန်ပြန်လွှတ်ပေးဖို့ အမေရိကန်နဲ့ အာဆီယံဥက္ကဌ တောင်းဆို
- BVJ

- Aug 11
- 1 min read
သူရ/BVJ_သြဂုတ် ၇၊ ၂၀၂၆

၂၀၂၆ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဖိလစ်ပိုင်နိုင်ငံနဲ့ အမေရိကန်နိုင်ငံခြားရေးဌာနတို့က အာဏာသိမ်းစစ်အုပ်စုဆီမှာဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ ဩဂုတ်လ ၇ ရက် ဒီနေ့ သောကြာနေ့မှာတောင်းဆိုလိုက်ပါတယ်။
ဒီတောင်းဆိုမှုဟာ ဩဂုတ်လ ၃ ရက် တနင်္လာနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ရဲ့ကိုယ်စားလှယ်တို့ တွေ့ဆုံအပြီးမှာထွက်ပေါ်လာတာဖြစ်ပါတယ်။ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးကတည်းကဖမ်းဆီးခံထားရတာဖြစ်ပြီး သူမရဲ့ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေလည်းရှည်ကြာစွာရှိနေခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ အာဆီယံဥက္ကဋ္ဌတို့က သီးခြားစီထုတ်ပြန်ချက်တွေမှာ ICRCရဲ့ဝင်ရောက်တွေ့ဆုံမှုကိုကြိုဆိုခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပုံမှန်တွေ့ဆုံခွင့်ရမယ့် အစပျိုးမှုတစ်ခုဖြစ်လာမယ်လို့မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။
"၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလကတည်းက မြန်မာနိုင်ငံမှာဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ပိုပြီးဝင်ရောက်တွေ့ဆုံခွင့်တိုးပေးဖို့တိုက်တွန်းသလို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သူတို့အားလုံးကို အကြွင်းမဲ့ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ရဲ့တောင်းဆိုချက်ကိုထပ်လောင်းပြောကြားပါတယ်" လို့ အာဆီယံဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနကလည်း X လူမှုကွန်ရက်မှာ - "ဒီ ဝင်ရောက်တွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်တွေ့ဆုံခွင့်တွေရဲ့ အစပျိုးမှုတစ်ခုဖြစ်လာပြီး နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့ ပိုမို ထိတွေ့ဆက်ဆံခွင့်ရမယ့် လမ်းကြောင်းတစ်ခုဖြစ်လာမယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်"လို့ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေးဌာနက ဒေါ်အောင်ဆန်းစုကြည်ကို "ချက်ချင်း ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့"တောင်းဆိုခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကိုအဆုံးသတ်နိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဆောင်ကြဖို့ မြန်မာစစ်တပ်ကိုတိုက်တွန်းခဲ့ပါတယ်။
အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးချက်နဲ့အညီ မြန်မာနိုင်ငံကအဖွဲ့အစည်းအားလုံးနဲ့ထိတွေ့ဆက်ဆံရာမှာ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍကိုလည်း အာဆီယံဥက္ကဋ္ဌကထပ်လောင်းအတည်ပြုပြောကြားခဲ့ပါတယ်။ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကိုသွားရောက်ခွင့်ရရှိပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်းဖော်ပြထားပါတယ်။
ခရက်ဒစ်- The Nation




Comments