ပဲခူးတိုင်းမှာနယ်မြေစိုးမိုးနိုင်ရေး PDFတွေဆောင်ရွက်နေ
- BVJ

- Sep 3
- 1 min read
မိုနာ/BVJ_ စက်တင်ဘာ ၃၊ ၂၀၂၅

ပဲခူးတိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာနတွေနဲ့ပူးပေါင်းပြီး ပဲခူးတိုင်းအတွင်းကနယ်မြေတချို့မှာ စစ်ရေးဖော်ဆောင်ကာ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ အထူးတိုင်းစစ်ဌာနက ဒီနေ့ စက်တင်ဘာ ၃ရက်မနက်မှာ အသိပေးလာပါတယ်။
အထူးတိုင်းစစ်ဌာနရဲ့ စုဖွဲ့မှု၊ စစ်ဆင်ရေးအောင်မြင်မှုစတာတွေကိုထုတ်ပြန်လာတာဖြစ်ပြီး အဲ့ဒီထဲမှာ စစ်ရေလှုပ်ရှားမှုအနေနဲ့ KNU/KNLAတပ်တွေနဲ့အတူ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရေး - ထားဝယ်ဒေသတွေအပြင် ပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းစစ်ဌာနတွေမှာ စစ်ရေးလှုပ်ရှားနေတာလို့ အသိပေးလာတာပါ။
အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက “လက်ရှိနယ်မြေစိုးမိုးထားပြီလားဆိုတော့ ပဲခူးတိုင်းအတွင်းမှာ စစ်တောင်းမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာရော နောက်ဘက်ခြမ်းမှာရော နယ်မြေအများအပြားစိုးမိုးထားပြီးလို့ ကျနော်ပြောလိုပါတယ်။ နောက်ကျန်ရှိနေတဲ့ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေကလည်း ကျနော်တို့ဆက်ပြီးဆောင်ရွက်နေတယ်။ အထူးသဖြင့်တော့ ပဲခူးတိုင်းစစ်ဌာနမှာရှိတဲ့ တိုင်းတပ်ဖွဲ့တွေ နောက်ရန်ကုန်တပ်ရင်းတွေနဲ့ အထူးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်က တပ်ရင်းတပ်ဖွဲ့ဗျူဟာတွေ ပူးပေါင်းပြီးတော့ဆက်လက်ဆောင်ရွက်နေဆဲပါ။ နယ်မြေစိုးမိုးမှု ဒီထက်ပိုများအောင်ပေါ့နော်” လို့ Burma VJကို ပြောပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ PDFတွေအပါအဝင် တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေအနေနဲ့ မဟာဗျူဟာကျတဲ့လမ်းပိုင်းတွေကို စိုးမိုးထားနိုင်ပြီး အဲ့ဒီထဲမှာ မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်း၊ မန္တလေး-မတ္တရာ-သပိတ်ကျင်း-ဗန်းမော်လမ်း၊ မန္တလေး-လားရှိုး-မူဆယ်လမ်း၊ ပုသိမ်-မုံရွာလမ်း၊ ပဲခူး-သထုံ-ဘားအံ-မြ၀တီလမ်းတွေလည်းပါဝင်ကြောင်းကို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၄ စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာမှာဖော်ပြထားပါသေးတယ်။
ဒါ့အပြင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဖြူးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ဂိတ်စခန်းတွေကို PDFနဲ့ မဟာမိတ်တွေက အခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ရှင်းလင်းခဲ့ကြောင်းနဲ့ မတ်လ ၂၇ရက်မှာလည်း ပဲခူးတိုင်းအတွင်းက ရန်ကုန်-မန္တလေးလမ်းပိုင်းပေါ်က ဖြတ်သန်းသွားတဲ့ကားတွေကို PDFတွေကစစ်ဆေးနေကြောင်း MODက ထုတ်ပြန်ခဲ့ပါတယ်။
အထူးတိုင်းစစ်ဌာနကို တောင်ပိုင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF နည်းဗျူဟာ ၂၇၊ နည်းဗျူဟာ ၃၂၊ နည်းဗျူဟာ ၃၃၊ နည်းဗျူဟာ ၃၆၊ နည်းဗျူဟာ ၃၇၊ စုစုပေါင်း နည်းဗျူဟာ (၅) ခုနဲ့ စုဖွဲ့ထားတာဖြစ်ပြီး တိုင်းစစ်ဌာနကွပ်ကဲမှုအောက်မှာ တပ်ရင်း (၁၁)ရင်းနဲ့ ဒရုန်းလက်ရုံးအထူးတပ်ဖွဲ့ (၄)ဖွဲ့ရှိတယ်လို့သိရပါတယ်။

စစ်ဆင်ရေးတွေအတွင်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မဲပလီဗျူဟာစခန်းကုန်းကိုသိမ်းပိုက်တာ၊ လှဂွန်းပျိုစခန်းက တပ်ရင်းမှူးအပါအဝင် အခြားအဆင့် တပ်သား (၁၆) ဦးကို လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်နိုင်အောင် စည်းရုံးနိုင်တာ၊ ပဲခူးတိုင်း ရွှေကျင်မြို့နယ်က ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ထိစပ်နေတဲ့ ထိုင်းမြန်မာနယ်စပ်ရှိ ရန်သူ့အထိုင်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာတွေကို အထူးတိုင်းစစ်ဌာနအနေနဲ့လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အထူးတိုင်းစစ်ဌာနရဲ့ ဒီနေ့ထုတ်ပြန်ချက်ထဲမှာ အထူးတိုင်းစစ်ဌာနစစ်ရေးလှုပ်ရှားနယ်မြေတွေအတွင်း စစ်အုပ်စုရဲ့ရွေးကောက်ပွဲလုံးဝပြုလုပ်ခွင့်မရနိုင်ကြောင်းနဲ့ ရွေးကောက်ပွဲအကြောင်းပြ နယ်မြေချဲ့ထွင်တဲ့ ထိုးစစ်တွေကိုလည်း နယ်မြေလုံးဝ (လုံးဝ) မဆုံးရှုံးစေရေး၊ ပြည်သူလူထုလုံခြုံရေးနဲ့ အကာအကွယ်ပေးရေး ဦးစားပေးသွားမယ်လို့လည်း ဖော်ပြပါတယ်။







Comments