ထူးခြားတဲ့တိုက်ဆိုင်မှုနဲ့ လေယာဉ်ခုံနံပါတ် 11A
- BVJ

- Jun 14, 2025
- 1 min read
BVJ/Moore _ ဇွန် ၁၄ ၊ ၂၀၂၅

အခု ဇွန် ၁၂ ရက်က အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း အမ်ဟမ်ဒါဘတ်မြို့ လေဆိပ်အနီးမှာ ပျက်ကျခဲ့တဲ့ Air India လေယာဉ်ပေါ်မှာ အသက်ရှင်ကျန်ရစ်ခဲ့သူဟာ လေယာဉ်ခုံနံပါတ် 11A မှာ ရှိနေခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
ထူးခြားတဲ့တိုက်ဆိုင်မှုတစ်ခုအနေနဲ့ ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က ထိုင်းလေကြောင်းလိုင်း လေယာဉ်ပျက်ကျခဲ့ချိန်ကလည်း အသက်ရှင်ကျန်ရစ်ခဲ့သူတွေထဲမှာ ခုံနံပါတ် 11A မှာ ထိုင်ခဲ့သူတစ်ဦးလည်း အဲဒီအချိန်က အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။
ဇွန် ၁၂ ရက် အမ်ဟမ်ဒါဘတ်မြို့ ရပ်ကွက်အတွင်း ဆေးကောလိပ်အဆောက်အအုံပေါ် ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ ခရီးသည် ၂၃၀ နဲ့ လေယာဉ်အမှုထမ်း ၁၂ ဦးပါဝင်ခဲ့ပြီး အသက် ၄၀ အရွယ် ဗစ်ရှ်ဝပ်ကူးမားရာမက်ရှ်တစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ သူဟာ အရေးပေါ်တံခါးပေါက်အနီး ခုံနံပါတ် 11A မှာ ရှိနေခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
“ကျွန်တော်လည်း သေသွားမယ်လို့ ထင်ခဲ့တာပါ။ မျက်စိဖွင့်ကြည့်လိုက်မှ ကျွန်တော် အသက်ရှင်နေသေးတာကို သိတယ်။ အဲဒီတော့မှ ထိုင်ခု့က ခါးပတ်ကိုဖြုတ်ပြီး ထွက်လို့ရတဲ့နေရာကနေ အပြင်ကို ထွက်ခဲ့တာ။ ကျွန်တော့်မျက်စိရှေ့မှာတင် လေယာဉ်မယ်တွေရော တခြားသူတွေ သေကုန်တာ။ ထိုင်နေတဲ့နေရာကနေ အပြင်ကို ထွက်လို့ရတာတွေ့ရတော့ အနားက တံခါးက ကျိုးသွားတာနဲ့ အဲဒီအပေါက်လေးကနေ ရအောင်ထွက်လာတာ။ ဘယ်လိုမျိုးအပြင်ကို ရောက်လာမှန်းတောင် မသိလိုက်ပါဘူး” လို့ အိန္ဒိယသတင်းဌာန Asianet News Marathi ရဲ့အင်တာဗျူး မေးမြန်းမှုကို ဘီဘီစီသတင်းဌာနက ပြန်လည်ဖော်ပြထားတာလည်း ဖြစ်ပါတယ်။
လေယာဉ်ခုံနံပါတ် 11A မှာ ထိုင်ခဲ့တဲ့ ဗစ်ရှ်ဝပ်ကူးမားရာမက်ရှ်တစ်ယောက် လေယာဉ်ပျက်ကျမှုအတွင်း လွတ်မြောက်လာမှုအပေါ် ထိုင်းအဆိုတော် သရုပ်ဆောင်တစ်ဦးဖြစ်သူဟာလည်း သူ ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်နဲ့ ထူးခြားတဲ့တိုက်ဆိုင်မှုတစ်ခုလို့ဆိုကာ လူမှုကွန်ရက်မှာ ရေးသားလာပါတယ်။
လက်ရှိ အသက် ၄၇ နှစ်အရွယ် ထိုင်းအဆိုတော်၊ သရုပ်ဆောင် Ruangsak James Loychusak လည်း လွန်ခဲ့တဲ့ ၂၇ နှစ်၊ ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် လေယာဉ်ပျက်ကျမှုအတွင်း အသက်ရှင်လွတ်မြောက်ခဲ့သူတွေထဲ ပါဝင်ခဲ့ပါသေးတယ်။ အဲဒီအချိန်ကလည်း သူဟာ လေယာဉ်ခုံနံပါတ် 11A မှာ ရှိနေခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
၁၉၉၈ ခုနှစ်က ထိုင်းလေကြောင်းလိုင်း Airbus A310-300 လေယာဉ်ဟာ ဘန်ကောက်ကနေ ဆူရတ်ဌာနီကို ပျံသန်းချိန် ရာဘာစိုက်ခင်းထဲ ပျက်ကျခဲ့တာဖြစ်ပြီး ၁၀၁ ဦး သေဆုံးခဲ့ကာ ၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီအချိန်ကလည်း James ဟာ လေယာဉ်ခုံနံပါတ် 11A နေရာမှာ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
အခု အိန္ဒိယနိုင်ငံ အမ်ဟမ်ဒါဘတ်မြို့ လေဆိပ်အနီး ပျက်ကျခဲ့တဲ့ Air India လေယာဉ်ကနေ တစ်ဦးထဲ အသက်ရှင်ကျန်ရစ်သူ ဗစ်ရှ်ဝပ်ကူးမားရာမက်ရှ်ကလည်း လေယာဉ်ခုံနံပါတ် 11A မှာရှိနေခဲ့ပြီး အသက်ရှင်ကျန်ရစ်ခဲ့တာကြောင့် ထူးခြားတဲ့တိုက်ဆိုင်မှုတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အသက် ၄၇ နှစ်အရွယ် ထိုင်းပေါ့ပ်အဆိုတော် James လည်း နှစ်ကြိမ်တိုင် ထူးခြားတဲ့တိုက်ဆိုင်မှုအတွက် အံ့ဩတကြီးဖြစ်ခဲ့ရပေမဲ့ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းရကြောင်း ပြောဆိုခဲ့ပါတယ်။ ထိုင်ခုံနံပါတ် 11A နဲ့ပတ်သက်ပြီး လေယာဉ်ပျက်ကျချိန် အသက်ရှင်လွတ်မြောက်ခဲ့သူ ၂ ဦးရဲ့ ထူးခြားတဲ့တိုက်ဆိုင်မှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ စိတ်ဝင်စားမှုတွေ မြင့်တက်နေပါတယ်။












Comments