နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး အချက် ၉ ချက်ကို ဦးမြအေးတို့ဦးဆောင်တဲ့ ပြည်တွင်းနိုင်ငံရေးအင်အားစု PCB ထုတ်ပြန်
- BVJ

- Mar 31
- 1 min read
မိုနာ/BVJ_မတ် ၃၁၊ ၂၀၂၆

ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးဖို့အပါအဝင် နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး အချက် ၉ ချက်ကို နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့-PCBက ဒီနေ့ မတ်လ ၃၁ရက်မှာသဘောထားထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
PCBကိုပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ရက်ကစုဖွဲ့ခဲ့ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်-SNLD ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ ရခိုင်နိုင်ငံရေးသမား ဦးသာထွန်းလှတို့က ဦးဆောင်နေပါတယ်။
PCBရဲ့သဘောထားထုတ်ပြန်ချက်ထဲမှာ အသင်းအဖွဲ့တွေလွတ်လပ်စွာဖွဲ့စည်းတည်ထောင်ခွင့်နဲ့လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်တို့ကိုလည်း သက်ဆိုင်ရာအင်အားစုတွေအားလုံးက အသိအမှတ်ပြုအာမခံဖို့နဲ့ လူငယ်တွေနဲ့မိဘတွေ စိုးရိမ်ပူပန်နေရခြင်းဘေးက ကင်းဖို့နဲ့လူသားအရင်းအမြစ် မဆုံးရှုံးစေဖို့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအားလုံးက အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းနဲ့စစ်မှုထမ်းကို မပြုလုပ်ဖို့တို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင် အရပ်သာပြည်သူတွေ ထိခိုက်သေကျေစေမယ့်စစ်ရေးဆောင်ရွက်ချက်တွေ အများပြည်သူနဲ့သက်ဆိုင်တဲ့ ဘာသာရေးဆေးရုံ၊ စာသင်ကျောင်းစတာတွေကို ဦးတည်တိုက်ခိုက်တာတွေကို ရှောင်ရှားဖို့နဲ့ CDMတွေကိုအရေးမယူဖို့၊ နိုင်ငံသားတွေ အသက်မွေးဝမ်းကျောင်းခွင့်၊ လွတ်လပ်စွာသွားလာခွင့်ကို တားမြစ်ပိတ်ပင်ခြင်းတွေ မပြုလုပ်ဖို့တို့လည်း ပါဝင်ပါတယ်။
ပြီးတော့ ပြည်ပကိုရောက်နေတဲ့ နိုင်ငံရေး၊စီးပွားရေးနဲ့လူမှုရေးစတဲ့ အင်အားစုအသီးသီးနဲ့ လူပုဂ္ဂိုလ်တို့ရဲ့ လွတ်လပ်တဲ့သဘောဆန္ဒနဲ့ ဌာနေကိုဂုဏ်သိက္ခာရှိရှိ ပြည်လည်ရောက်ရှိနိုင်ရေးအခင်းအကျင်းကိုဖော်ဆောင်ပေးဖို့၊ တိုင်းပြည်ရဲ့အရင်းခံပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုဦးတည်တဲ့ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်နိုင်ရေးကြိုးပမ်းကြဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအစိုးရတွေ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့တို့ ပါဝင်ပါတယ်။


PCBကို ဖွဲ့အစည်းဖို့ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်ကထဲက တွေ့ဆုံညှိနှိုင်းခဲ့ကြတာဖြစ်ပြီး တိုင်းပြည်ရဲ့အရင်းခံပြဿနာတွေကိုဖြေရှင်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပြည်သူတို့ရဲ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာရှိရှိရပ်တည်နိုင်ရေးအတွက် ရည်ရွယ်တယ်လို့သိရပါတယ်။
အခုထုတ်ပြန်တဲ့ PCBရဲ့သဘောထားဟာ အနှစ်သာရရှိပြီးစစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ပေါ်စေဖို့ သက်ဆိုင်တဲ့အင်အားစုတွေအကြား အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်ရေးဆောင်ရွက်ရမယ့် အခင်းအကျင်းတွေဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။




Comments