ပေါက်နယ်က ကာလရှည်စစ်ဘေးဒုက္ခသည်တွေ ရေနဲ့စားဝတ်နေရေးအခက်ကြုံနေ
- BVJ

- Jan 8
- 1 min read
BVJ/ဂျိုး_ဖေဖော်ဝါရီ ၈၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ပေါက်မြို့နယ်အတွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစလို့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ဒေသခံတွေဟာ နှစ်ရှည်အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
ကာလရှည်နေရပ်စွန့်ခွာသူတွေဟာ ပေါက်နယ်တနယ်လုံးအတိုင်းအတာနဲ့ ကျေးရွာ ၅၀ကျော်ရှိပြီး သူတို့တွေဟာ ၂၀၂၃ခုနှစ် နှစ်လယ်ကစတင်တိမ်းရှောင်နေရတဲ့ ကပစ(၂၄)ပတ်လည်ရွာတွေက ဒေသခံတွေဖြစ်တယ်လို့ NUGရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနက တာဝန်ရှိသူတဦးကပြောပါတယ်။
လက်ရှိမှာအခြေအနေမှာတော့ အဲ့ဒီစစ်ဘေးဒုက္ခသည်တွေဟာ မသန့်ရှင်းတဲ့ရေတွေကြောင့် ကလေးသူငယ်အများစု အရေအပြားရောဂါတွေဖြစ်ပွားနေကြသလို စားနပ်ရိက္ခာ ၊ ရေ ၊ အမိုးအကာ၊ ဆေးဝါးများလိုတွေ အရေးပေါ်လိုအပ်နေတယ်လို့ တာဝန်ရှိသူကပြောပါတယ်။
“နေရေးထိုင်ရေးအခက်ခဲဖြစ်နေတဲ့အချိန်မှာ တစ်ခါလက်ရှိနေတဲ့နေရာတွေမှာပါ ရေကြောင့်ပေါ့နော်၊ ရေမသန့်ရှင်းမှုတွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေခံစားနေရတာ၊ တော်တော်များများ ခံစားနေရတယ်”

လက်ရှိမှာတော့ ပေါက်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို NUGရဲ့ လူသားချင်းစာနာ ထောက်ထားမှုနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနက ကူညီထောက်ပံ့နေတာရှိပေမယ့် လုံလောက်မှုမရှိဘူးလို့လည်းပြောပါတယ်။
“အဲ့ဒီဘက်ကစစ်ရှောင်တွေအတွက်ကတော့ ကျွန်တော်တို့မြို့နယ်အင်အားလေးနဲ့ပဲသွားနေရတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ တခြားသော ဒီNGOတွေ၊CSOတွေပေါ့နော်၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တော့ ဝင်ရောက်ချိတ်ဆက်တာမျိုးမရှိသေးပါဘူး”
ဒါ့အပြင် စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့ တချို့ကျေးရွာတွေကို စစ်အုပ်စုကစစ်ကြောင်းထိုးဝင် ရောက်တာတွေကြောင့် တချို့ဒုက္ခသည်တွေဟာ ဒီနေ့အထိနေရာအတည်တကျမရှိဘဲ ထွက်ပြေးနေရပါတယ်။
“လက်နက်ကြီးပစ်လိုက်ဆိုတဲ့အချိန်မှာ သူတို့က ဒီယာတောတွေထဲမှာ အခြေမစိုက်နိုင်တော့ဘဲနဲ့၊ အတည်မစိုက်နိုင်တော့ဘဲနဲ့ မိုးကာလေးတွေနဲ့ပဲနေရတယ်။ စစ်ကြောင်းနီးလာလိုက် တနေရာရွှေ့သွားလိုက်၊ စစ်ကြောင်းနီးလာလိုက် တနေရာရွှေ့သွားလိုက်ဆိုတော့ အဲဒီကျေးရွာ (၈) ရွာလောက်ကတော့ ကာလရှည်စစ်ရှောင်တွေကအဲလိုမျိုးပေါ့နော်။ဟိုအတည်ရယ်လို့ ဆောက်လို့မရဘဲနဲ့ ထပ်ထပ်ရွှေ့နေရတာပေါ့နော်”လို့ ပေါက်မြို့နယ် လူသားစာနာတာဝန်ရှိသူက ပြောပါတယ်။

ပေါက်မြို့နယ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား အစောဆုံးတိုက်ပွဲစဖြစ်ခဲ့တဲ့မြို့နယ်တခုဖြစ်ပါတယ်။ ဒါ့အပြင် ပေါက်မြို့နယ်ဟာ ချင်းပြည်နယ်က မင်းတပ်၊ကန်ပက်လက်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းက ပုလဲနဲ့ မကွေးတိုင်းအတွင်းက မြိုင်၊ဂန့်ဂေါစတဲ့ မြို့နယ်တွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာကြောင့် စစ်ရေးအရ အချက်အချာကျတဲ့ နေရာတခုလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ ပေါက်မြို့နယ်အတွင်းက ကျေးလက်ဒေသအများစုကိုတော်လှန်ရေးအင်အား တွေကထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်ကတော့ ကပစ ၂၄အနီးတဝိုက်နဲ့ ပျူစောထီးကျေးရွာ တချို့လောက်ကိုသာထိန်းချုပ်ထားနိုင်ပါတယ်။







Comments